ကျွန်တော်နဲ့ နာမည်ပေးကင်ပွန်းတပ်
ကျွန်တော် ငယ်ငယ် ကတည်းက ဦးလေးလို ခင်ရတဲ့ တစ်ယောက်က တနေ့မှာ ကျွန်တော့်ကို ပြောလာပါတယ်။ “ကိုဘုန်းရယ်.. ငါ့သားကို နာမည် ပေးချင်လို့ စဉ်းစားပေးစမ်း ပါဦးကွာ” တဲ့။ သူက ကျွန်တော် စာတွေ ဘာတွေ ရေးတာကိုလည်း သိဖူး၊ ဖတ်ဖူး နေတာဆိုတော့ အားကိုးတကြီး ပြောရှာပါတယ်။ နောက်.. ကျွန်တော်က ဆရာကြီး မင်းသိင်္ခတို့ နာမည်ပေးတဲ့ “ဆပွတ်” တွေ ဘာတွေ ကိုလည်း နည်းနည်း တီးမိခေါက်မိ ရှိတာကိုလည်း သိလို့ပါ။ သိဆို ကျွန်တော့် နာမည် ကလည်း “ပဉ္စပွတ်” နည်းနဲ့ အမေ ကိုယ်တိုင် ပေးခဲ့တာကိုးဗျ။
နာမည် ပေးနည်းကို မသိသေးတဲ့သူတွေ သိအောင် နည်းနည်း ပြောပါ့မယ်။ ကျွန်တော်က တနင်္ဂနွေသား ဆိုတော့ တနင်္ဂနွေကနေ စပြီးရေရင် ငါးခုမြောက်က “ကြာသာပတေး”။ အဲဒါကို ထိပ်ဆုံးစာလုံး ယူပါတယ်။ အဲ.. “ကြာသာပတေး” ကနေ ငါးခုမြောက် “တနင်္လာ” ကိုတော့ နောက်ဆုံးပိတ် ယူပါတယ်။ “တနင်္လာ” ကနေ ငါးခုမြောက် “သောကြာ”။ ဒီတော့ “ကြာသာပတေး” “သောကြာ” “တနင်္လာ” ပါ။ ကျွန်တော့် နာမည်ကလည်း “ဘုန်းသန့်ကျော်” ဖြစ်လာ တာပေါ့ဗျာ။ လိုရင်းကို ဆက်ရေးပါ့မယ်။ သူက အဲဒီလို နာမည် ရွေးခိုင်းတော့ ကျွန်တော်ကလည်း မေးရပါတယ်။
“ဦးရဲ့သားလေးက ဘာနေ့သားတုန်း”
ဆိုတော့ သူက
“စနေ”
တဲ့။ အဟဲ.. ကျွန်တော်က အစကတည်းကကို ခပ်နောက်နောက်
ကောင်လေး မဟုတ်လား။ လျှောက်ပြော တော့တာပေါ့။
“ဒါများ လွယ်ပါတယ်ဗျာ.. ခုခေတ် စာရေးဆရာမတွေ
နာမည် ပေးသလိုပေါ့”
“အေး.. ပြောပါဦး”
“နေမြေလေမိုး ရောင်နီဥယျာဉ် ထွဋ်လတွတ်တို့၊
ထံတျာတေရှင် ဒညောင့် ဂစ်ဂစ်ဦးတို့၊ ဒါမှမဟုတ် နန်းဆန်ဆန်လေး ကြိုက်ရင် နန္ဒဝန်ကမ္ဘာအေး
ကေတုမာလာ ချော်တွင်းကုန်းတို့၊ ဟိ အဲလို ပေးလို့ရ”
“ဟေ့ကောင်.. တော်.. တော်.. အကောင်း ပြောစမ်းကွာ..
အဲလို နာမည် အရှည်ကြီး တွေလည်း ငါ မကြိုက်ဘူး"
“ဟင်.. ဘယ်လို ပေးရမလဲ၊ ဒါဆို"
“ယောက်ျားလေး နာမည်ကို ငါကတော့ ခပ်တိုတိုပြတ်ပြတ်ပဲ
ကြိုက်တယ်၊ စနေသား ဆိုတော့ကွာ၊ ထင်လင်းတို့၊ ထူးအံ့တို့၊ အဲ.. အဲလိုလေးတွေပေါ့.. စဉ်းစား
ပေးစမ်းပါ”
ဟဲ ဟဲ၊ ဒီတစ်ခါ ဂွကျလိုက်တာ ကတော့ ကျွန်တော်ပါ။
ဦးလေးကို နောက်ချင်တာနဲ့ပဲ ပြော လိုက်တယ်။
“ဟိုလေ.. ရုပ်ရှင်မင်းသား ဒွေးတို့လို
နာမည်မျိုးရော မကြိုက်ဘူးလား”
ဆိုတော့ သူက ဝမ်းသာအားရပါပဲ။
“အေး.. မဆိုးဘူးကွ.. ဆန်းဆန်းလေးပေါ့..
ပြောပါဦး”
ခဏလေး စဉ်းစားသလို လုပ်ပြီးမှ လက်ဖျောက်
တစ်ချက်တီးပြီး အကျယ်ကြီး ထအော်ပစ် လိုက်တယ်။
“သိပြီ.. သိပြီ.. တစ်လုံးတည်း.. စနေသား
ဆိုတော့၊ ဟိဟိ.. နွား.. နွား၊ အဟေး.. မိုက်တယ်နော်”
“ဘာ.. ဟေ့ကောင်”
ဆိုပြီး ကျွန်တော့်ကို လိုက်ကန် ပါတော့တယ်။
ဟဲဟဲ ဘယ်ရမလဲ။ အစတည်းက ပြေးပေါက် ရှာပြီးမှ ပြောတာလေ။ အဲဒီနောက်ပိုင်း သူ့ကိုတွေ့ရင်
စပ်ဖြဲဖြဲနဲ့ “ဦး.. စနေသားလေး နာမည် ရပြီလားဝေ့” ဆိုရင် ကျွန်တော့်ကို ဆဲပါတော့တယ်။
ကျွန်တော်နဲ့ ရွှေပြည်သာပြန်ချင်တယ်
ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ သူက သိပ်ရိုးပြီး သိပ်လည်း သဘော ကောင်းလှတဲ့ ကောင်ပါ။ တနေ့တော့ ဒီကောင်နဲ့ ကျွန်တော် မြို့ထဲကို ကိစ္စလေး တစ်ခု ရှိတာနဲ့ အတူတူ သွားကြပါတယ်။ ကိစ္စပြီးလို့ ပြန်မယ်လည်း လုပ်ရော ဒီကောင်က တက္ကစီ တားပါတယ်။ ကျွန်တော်နဲ့ သူက ပြန်ရမှာ တလမ်းစီပါပဲ။ ဒီကောင် ကားငှားပြီး ဈေးပြောနေတုန်း သူ့ဘေးကို အဒေါ်ကြီး တစ်ယောက် ရောက်လာပြီး ပြောပါတယ်။
“သားရယ်.. အဒေါ် ရွှေပြည်သာပြန်ဖို့ လမ်းစရိတ်
မရှိလို့ နှစ်ရာလောက် ပေးပါလား”
တဲ့။ အားလုံး သိကြပြီးသား ဖြစ်မှာပါ။
ဒါဟာ အခု ခေတ်စားလာတဲ့ ပိုက်ဆံတောင်းနည်း တမျိုးဆိုတာ။ ဒါပေမဲ့ ဒီကောင်ကတော့ မသိပါဘူး။
အဒေါ်ကြီးကို ကြည့်ပြီး တခုခု စဉ်းစားမိ သွားသလိုမျိုးနဲ့ ဝမ်းသာအားရ ပြောပါတော့တယ်။
“အဟား.. အဒေါ် ကံကောင်းတာပဲ၊ ကျွန်တော်လည်း
ရွှေပြည်သာ ပြန်မှာဗျ.. ခု ကားငှားထားတာ.. အဒေါ် သက်သက်သာသာ ပြန်ရတာပေါ့၊ လာ.. တက်
တက်”
ဆိုပြီး ပြောပြောဆိုဆို ဆွဲတင်ပါတော့တယ်။
အဒေါ်ကြီး အကြောက်အကန် ငြင်းတာများ ကြည့်တောင် မကောင်းဘူး။
“အာ.. ဟင့်အင်း.. တက်ပါဘူး၊ မတက်ဘူး..
တက္ကစီနဲ့ မပြန်ချင်ဘူး.. လိုင်းကားပဲ စီးမှာ.. ဟင့်အင်း ဟင့်အင်း လိုက်ဘူး နှစ်ရာပဲပေး”
အဲဒါတောင် ဟိုကောင်က မနပ်ဘူးဗျို့။ အားမနာလို့
မလိုက်တာပဲ ထင်ပြီး
“လာပါ အဒေါ်ရဲ့.. အားမနာပါနဲ့၊ တက်ပါ..
လာ လာ”
ဆိုပြီး ထပ်ခေါ်၊ ဟိုက အကြောက်အကန် ငြင်းနဲ့ပေါ့ဗျာ။
နောက်ဆုံးတော့ အဒေါ်ကြီးလည်း ပွစိစိနဲ့ ပြောပြီး လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွား
ပါတော့တယ်။
“ဟင်း.. ဘာတွေမှန်း မသိဘူး.. အူကြောင်ကြားတွေ၊
ပိုက်ဆံတောင်းရင် ပိုက်ဆံပေါ့.. လမ်းကြုံ တင်ရတာနဲ့ ဘာနဲ့.. စေတနာ တော်တော်ပို”
ကျွန်တော့် သူငယ်ချင်း ခမျာတော့ နားမလည်သလို
ပုံစံမျိုးနဲ့ ခေါင်းကုတ်ပြီး ကျန်ခဲ့ပါတယ်။ ကျွန်တော်နဲ့ တက္ကစီသမားက ဒီဘက်မှာ တခွိခွိ
ရယ်နေပြီ။ နောက်တော့မှ ကျွန်တော်လည်း ဒီကောင့်ကို ပြန်ရှင်းပြ ရပါတယ်။ ဒီတခေါက်တော့
ရွှေပြည်သာ အဒေါ်ကြီးခမျာ တော်တော် ဂွတီးဂွကျ ဖြစ်သွား ပုံပါပဲ။ နောက်ဆို အဲဒီလိုတောင်
လိုက်တောင်းရဲ ပါတော့မလား မသိဘူး။
ကျွန်တော်နဲ့ Auto Reply
ကျွန်တော်တို့ Internet သုံးတဲ့သူ အတော်များများဟာ GoogleMail ကို သုံးကြတာ များပါတယ်။ အဲဒီထဲမှာမှ တချို့က Auto Reply System ကို သုံးကြပါရဲ့။ Auto Reply ဆိုတာက ကိုယ့်ဆီ မေးလ်ပို့တဲ့ သူကို ကိုယ့်ရဲ့ မေးလ်က ချက်ချင်း Auto Reply ပြန်ပေးတဲ့ စနစ်ပါ။ ဥပမာ - Thanks For Your Mail တို့၊ ခင်ဗျား ပို့တဲ့စာ ကျွန်တော့်ဆီ ရောက်ပါတယ် တို့ပေါ့ဗျာ။ ကျွန်တော်လည်း အရင်တုန်းက Auto Reply သုံးခဲ့ဖူး ပါတယ်။ အဲဒီလို သုံးလို့ ကောင်မလေးနဲ့ တခါ ပြဿနာ တက်ရတယ်။
သူက ကျွန်တော့်ကို စိတ်ဆိုးပြီး မေးလ်ပို့ပါတယ်။ တော်တော်ကို ပေါက်ကွဲ ထားတာပါ။ အဲဒါ သူ့မေးလ် ရောက်ရောက်ချင်း ကျွန်တော့်ဆီက Auto Reply ပြန်သွား ပါလေရော။ “ခုလို မေးလ်ပို့တဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ” လို့ ကျွန်တော်က ရေးထားတာပါ။ အဲဒီ Auto Reply System ကို သူက မသိတော့ သူ့ကို ရွဲ့တယ်ထင်ပြီး မေးလ်ထပ်ပို့ ပါတော့တယ်။ “ဘာလဲ.. ကျေးဇူး အထူးတင်တယ် ဆိုတာ ရွဲ့တာလား” ဘာညာ ပေါ့ဗျာ။ အဲဒီမေးလ် ရောက်တာနဲ့ Auto Reply က ထပ်သွား ပြန်ရော။ “ခုလို မေးလ်ပို့တဲ့အတွက် ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ” ဆိုတော့ စဉ်းစားသာ ကြည့်ကြ ပါတော့ဗျာ။ လုံးလည် ချာလည်တွေ လိုက်ပြီး နောက်ဆုံး ကျွန်တော့်ကို Block တောင် လုပ်ပစ်ဖူးပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း အဲဒီ Auto Reply ရဲ့ ဒဏ်ကို ဂွတီးဂွကျနဲ့ အောင့်သက်သက် ခံရဖူး ပါတယ်။ အဲဒီလို ဂွကျကျ ဖြစ်အောင် လုပ်တဲ့သူက တခြားလူ မဟုတ်ပါဘူး။ ကျွန်တော်တို့ Mysuboo Fanclub ရဲ့ ခေါင်းဆောင်ကြီး ကိုလူလိန်ပါ။ တခါတုန်းက လူမှုရေး ပြဿနာ တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အထင်လွဲနေတယ် မှတ်လို့ ကိုလူလိန့်ဆီ မေးလ်ပို့ပါတယ်။ မျက်ရည်တွေ ဘာတွေကျတဲ့ အထိကို ဝမ်းပန်းတနည်းကြီး ရေးပို့တာပါ။ မေးလ်ပို့ ပြီးပြီးချင်း ပြန်ရောက်လာတဲ့ Auto Reply က ဒီလိုပါ။
“အားလားလား ဝမ်းသာ လိုက်တာကွာ.. မင်းပို့တဲ့
မေးလ်ကိုရတာ အူလှိုက်သဲလှိုက် ပျော်မိ ပါတယ်”
ဆိုပဲ။ Auto Reply မှန်း သိပေမယ့် ဘယ်သူ
ခံချင်မလဲဗျာ နော့။ ကိုယ်က စိတ်မကောင်းခြင်းကြီးစွာ ပို့တဲ့မေးလ်ကို သူက အူလှိုက်သဲလှိုက်
ဖြစ်ရသတဲ့။ ကဲ.. မပြောကောင်း မဆိုကောင်း ကျွန်တော့် ဆွေမျိုး တစ်ဦးဦးရဲ့ နာရေးမို့လို့သာ
ကျွန်တော်က မေးလ်ပို့လိုက် ပါတယ်တဲ့။ သူ့ဆီက Auto Reply ကြီး ပြန်ရောက်လာတာ နဲ့သာဆိုရင်..။
နောက်တခါ ကျွန်တော်က အကြောင်း တခုခုကြောင့် “ကိုလိန်ရေ.. Fanclub ရဲ့ အလုပ် အမှုဆောင်
ရာထူးကနေ နှုတ်ထွက် ချင်ပါတယ်” လို့ မေးလ်ပို့တယ် ဆိုကြပါစို့။ သူ့ရဲ့ အူလှိုက်သဲလှိုက်
Auto Reply ကြီးနဲ့ ဆိုရင်၊ အင်း.. တော်တော့်ကို ဂွတီးဂွကျကြီး ပါပဲဗျာ။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment