Tuesday, March 10, 2009

စကားလုံးများနှင့် အမဲလိုက်ခြင်း


“မည်သည့် အရာကိုမျှ သိမ်းပိုက် မထားခြင်းသည် ကောင်း၏” ဟု စာရေးဆရာ တစ်ဦးက ရေးပါသည်။ ကျွန်တော်ကတော့ ကို့ယို့ကားယားကြီး ဖြစ်နေသူ တစ်ဦးကိုသာ မြင်ယောင်မိ၏။ ကျွန်တော်က အမှတ်သည်းခြေနည်းသူ တစ်ဦးသာ ဖြစ်သည်။ အဝေးသင် ကျောင်းသားမို့ အဝင်သေး သလားတော့ မသိပါ။ လောကသည် အပျိုဖော်ဝင်စ မိန်းမတစ်ဦးနှင့် တူ၏။ အပြောင်းအလဲ မြန်သည်။ မာယာ များသည်။ ငိုရန်၊ ရယ်ရန်လွယ်သည်။ အချင်းတို့ ဖိုက်ရဲမှ ဖဲရိုက်တာ ပို၍ သင့်တော်မည်ဟု အကြံပေးလိုပါသည်။ ထပ်ပြောပါဦးမည်။ လောကသည်..။

ဆာလောင် တတ်ပါက တစ်ခုခုတော့ ဆောင်လာခဲ့ပါ။ ကျွန်တော့် စကားက တော်တော်နှင့် ပြတ်မည်မဟုတ်။ အပျော်ဖတ် စာအုပ်နှင့် အပြတ်ဖော်သော ရုပ်ရှင်များကိုတော့ တံခါးဖွင့် မပေးနိုင်ပါ။ ကောင်မလေးရေ.. ကောင်မလေးရေ.. ဟု အော်ခေါ်မိ၏။ ထမင်းစားမည် ဆိုလျှင် အနည်းဆုံး ဟင်းတစ်ခွက်တော့ လိုအပ်ပါသည်။

မြန်မာစာ တတ်သော်လည်း ယခုထိ မြန်မာလို မတတ်သေး။ ကဗျာရေးမိ ကတည်းက အရူး လင်လုပ်သလို ဖြစ်နေတော့သည်။ အရေပြားများ အယားပြေ လာချိန်တွင် ကျွန်တော် အနားယူပါမည်။ မီးမမှိတ်ဘဲ အိပ်တတ်ရန် ကြိုးစားထား၏။ ကျွန်တော့်ကိုယ်စား သီချင်း ဆက်ဆိုပါ။ မှောင်မှောင်မဲမဲတွင် ခြေဆင်း ထိုင်မှတော့ ခြင်ဆေး လိုမည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပါသည်။

ကျွန်တော် အမဲလိုက် နေ၏။ မြို့ကြီးပြကြီးတွင် အမဲလိုက်ရန် မလွယ်သဖြင့် တောထဲ တောင်ထဲ သွားရသည်။ ထိုသို့ သွားသောကြောင့် ကျွန်တော်က တောရောက် တောင်ရောက် ဖြစ်နေ၏။ ထို့ကြောင့် ကျွန်တော့်ကို အရူးဟု သမုတ်ကြ လိမ့်ဦးမည်။ အမှန်တော့ တောရောတောင်ရော ရောက်ဖူးသောကြောင့် ကျွန်တော်က နှံ့စပ်သူ တစ်ဦးသာ ဖြစ်၏။ ယခုစာကြောင်း အထိတော့ ကျွန်တော် အမဲလိုက် နေတုန်းသာ ဖြစ်ပါသည်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment