Tuesday, March 10, 2009

အပေါင်းအသင်းများနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း


ကဗျာတွေကို စားပွဲပုပုလေးပေါ်တင်ထားတယ်

စကားလုံးတွေကို ခပ်နာနာမွှေနှောက်ပစ်တယ်

ကျွန်တော်တို့ ဒူးထောင်ပေါင်ကားထိုင်နေရပေမယ့်

ကျွန်တော်တို့ ဒူးထောင်ပေါင်ကားကဗျာတွေ မကြိုက်ကြဘူး

ပြောလက်စနဲ့

ဘယ်အယူအဆ အေးစက်စက်တွေကို သွန်ပစ်ရမလဲ

ပြောလက်စနဲ့ ပြောမိတယ်

နှုတ်ခမ်းမှာ စီးကရက်လေးတေ့ပြီး ဖွာရှိုက်လိုက်သလိုပဲ

ခေတ်ပေါ်အနုပညာကို

နှုတ်ခမ်းဖျားမှာတေ့ပြီး ဖွာလိုက် ရှိုက်လိုက်ကြတယ်

ကျစိမ့်တစ်ခွက်၊ လန်ဒန်တစ်ပွဲ၊ ရေနွေးကြမ်းတစ်အိုး

အဲဒီလိုမျိုး အာရုံခံစားမှုကိုကျတော့

ဘာလို့ ခပ်လွယ်လွယ်မှာလို့မရတာလဲ

ဘာလို့ လက်ခုပ်တီးပြီး ခေါ်လို့မရတာလဲ

ရေနွေးကြမ်း တစ်ခွက်ပြီးတစ်ခွက်ငှဲ့ရင်း

နီကိုလပ်စ်ကေ့ချ်ကို ရှာရာပိုဗာကို

လေရူးသုန်သုန်ကို အင်တာနက်အီးမေးလ်ကို

တစ်ခွက်ပြီးတစ်ခွက် ငှဲ့ကြတယ်

ပြောလက်စနဲ့

ဒဏ်ရာအနာတရတွေ စိတ်နဲ့ဖြစ်ကြ

ဘောင်တချို့ကြားက လွတ်အောင်ရုန်းကြ

ဘာသာဘာဝ ရယ်ကြမောကြ ဆဲကြဆိုကြ

“ငါ့ကောင်မလေးက..” သတိရကြ

ကဗျာတွေ ခပ်ဖွဖွရွတ်ကြ

ပြောလက်စနဲ့ ပြောကြပြန်တယ်

ကျွန်တော်တို့ အဆုံးမသတ်နိုင်ဘူး

ကဗျာနဲ့စပေမယ့် ကဗျာနဲ့မဆုံးနိုင်ဘူး

ဖွင့်ထားတဲ့သီချင်း မပြီးခင်

ခြေတစ်ဖက်လှုပ် စည်းချက်လိုက်လို့မပြီးခင်

လက်ဖက်ရည်ဆိုင်က ထထွက်လာသလိုမျိုး

ပြောလက်စနဲ့ ထထွက်လာကြတယ်

ကျသင့်ငွေရှင်းရင်း ပြန်အမ်းငွေယူရင်း

ကဗျာတွေရှင်းလို့မရသေး

ကဗျာတွေပြန်အမ်းဖို့ စိတ်အကြွေမရှိသေး

ပြောလက်စနဲ့ ဖွင့်ထားသောကဗျာများ

စည်းချက်လိုက်လို့မပြီးခင် ပြန်အမ်းငွေယူပြီး

လက်ဖက်ရည်ဆိုင်က ထလာကြတယ်

နောက်တနေ့လည်း

ပြောလက်စနဲ့ကဗျာတွေ စားပွဲပုပုလေးပေါ်မှာ။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment