Tuesday, March 10, 2009

ချုပ်ရိုးပြတ်နေတဲ့လူ


ရေးချလိုက်သမျှ အငြင်းဝါကျတွေပဲ ပါလိမ့်မယ်

ဒီကဗျာအပေါ် မျှော်လင့်ချက်သိပ်မထားပါနဲ့

ဘယ်လို ဆက်ရွေ့လျားရမယ်မသိ

ဘယ်လိုလှော်ခတ်လို့ ဘယ်ကမ်းကပ်ရမယ်မသိ

ဘဝမှာ ချုပ်ရိုးတွေပြတ်နေတဲ့လူ

ခင်ဗျား ဘာကိုမြင်သလဲ

ကျွန်တော်နဲ့တော့ တူလိမ့်မယ်မထင်ဘူး

လျှံလျှံဖွားဖွား ငရဲမီးတွေ

ပက်ကြားအက်နေတဲ့ကောင်းကင်

သိုးသွားတဲ့ ပေါင်မုန့်တွေ

ကျွန်တော့်မျက်လုံးအသေတွေထဲမှာ

အနိဌာရုံပဲမြင်တယ်

တဆစ်ဆစ်နာကျင်ရလွန်းလို့ ချုပ်ရိုးတွေဖြတ်မိတယ်

မလွတ်မြောက်ဘူး အသစ်တဖန်ကိုမတွေ့ဘူး

ပျော်ရွှင်ခြင်းဆီ ကြေးနန်းရိုက်လို့မရဘူး

အဲဒါနဲ့ပဲ ဖြတ်တောက်ပြီးသားချုပ်ရိုးတွေကို

နောက်တခေါက်ဖြတ်မိနေတယ်

ဒီကဗျာအပေါ်မျှော်လင့်ချက်သိပ်မထားပါနဲ့

ချုပ်ရိုးတွေတပတ်ပြီးတပတ်

အရှိုးရာအထပ်ထပ်နဲ့လူ၊၊

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment