မနေ့ကလိုပဲ
ဒီနေ့လည်း လမ်းလျှောက်ထွက်မိပါတယ်
ကိုယ့်ရဲ့ဂါထာလေးကိုပဲ ချီလို့ပိုးလို့ ရွတ်လို့ဖတ်လို့
ညနေကလည်း လင်းလိုက်တာကွယ်
မေ..
ဘယ်တော့မှမမောပန်းစေခဲ့သော ကိုယ့်ရဲ့လျှောက်လမ်းကလေး
မေ.. ဘယ်တော့မှမပျင်းရိစေသော ကိုယ့်ရဲ့ပြခန်းကလေး။
ကျိန်စာတွေ
လွတ်ကင်းပပျောက်သွားတဲ့ လဟာ
ပျိုးခင်းတွေကို သပ်သပ်ရပ်ရပ်ခင်းကျင်းလို့
ညကို အုပ်မိုးပစ်တယ်
အသစ် အသစ်သော နာကျင်(စေနိုင်)ခြင်းများ
ကိုယ်နဲ့ တမိုးထဲ တမြေထဲ (ထပ်ခါထပ်ခါ စီးမျော)
မေကလွဲပြီး
မေကလွဲပြီး.. ဘယ်သူမှဖတ်လို့မရမယ့် ကဗျာကို
အားလုံးရှေ့မှောက် ကိုယ်ရေးပါတယ်။
ကိုယ်က မင်းလောက်
မင်းကလည်း ကိုယ့်လောက်သိရဲ့
ခေတ်အဆက်ဆက်မြင်နေခဲ့ရသလိုပါပဲ
မေ့ကိုမှတ်မိနေတယ်။
အလွဲလွဲအချော်ချော်
ဆက်တင်တွေထဲမှာမှ
ထပ်မမှားနိုင်တော့တဲ့ဘဝ
တတ်နိုင်သလောက်ရေးချနေမိတဲ့
အကန့်အသတ်မရှိသောစာကြောင်းရေတွေ
မေ ပါပဲ။
ပန်းတွေ ရှင်းရှင်းဝင့်ဝင့်ပွင့်လာစေတဲ့
အဖြူရောင်ဂါထာလေး
မေ့ကိုလွမ်းတဲ့အခါ နွေဦးရဲ့ဥသြသံကို
ပြတင်းပေါက်လေးက ခပ်ဆွေးဆွေး ငေးမိသလိုပါပဲလို့
ကိုယ့်ကိုယ်ကိုယ် တင်စားမိတယ်
အဲဒီလိုစိတ်ကူးနဲ့ပဲ အခါအခါလွမ်းရဲ့။
ပွင့်ချပ်တွေ
အလွှာလွှာခြုံထားတဲ့မြို့တော်ထဲ
နူးနူးညံ့ညံ့ စီးဝင်သိမ်းပိုက် ကြည့်မိသူအတွက်
အဝင်ဝမုခ်ဦးဟာလည်း ကောင်းကင်လိုပဲ ကျယ်ပြန့်လင်းပြာနေခဲ့
အကြောက်အလန့်နည်းခဲ့တဲ့ကောင်အတွက်တောင်
“မေ” ဆိုတဲ့ အရှိန်အဝါလေးတစ်ခုနဲ့တင် သိမ်ငယ်
မေ.. ကိုယ့်ကို အားပေးသလို ခဏလောက်ပြုံး ကလေးမရယ်။
ဝေးလံခေါင်သီမှုတချို့ကို
မေ့ပစ်လိုက်ပြီ
တဖြည်းဖြည်းနဲ့ နှင်းအကြောင်း ဆောင်းကသိလာပြီ
စကားလုံးအချို့ရဲ့ အတိမ်အနက်ကိုသိပြီ
ကိုယ် ရောက်အောင်လာခဲ့ပါတယ် မေ။
ကိုယ့်အတ္တတချို့နဲ့ ဝေးဝေးခက်ခက်တွေမပါဘဲ သီဖွဲ့ခဲ့တဲ့ဂါထာ
(ဘယ်သူမှ မရှိရင်တောင်) ကိုယ်ကိုယ်တိုင်ပဲ
မြတ်မြတ်နိုးနိုး ရွတ်ဖတ်ခဲ့ပါတယ်။
အနမ်းများ
ပန်းများ တခမ်းတနားပွင့်စေသတည်း
အဲဒီဂါထာလေးကို ချီလို့ပိုးလို့ ရွတ်လို့ဖတ်လို့
မနေ့ကလိုပဲ ကိုယ်လမ်းလျှောက်ထွက်လာပါတယ် မေ။
သူရဿဝါ
၀၉ - မာ့ချ် - ၂၀၀၉
Image credit: Saatchiart.com
No comments:
Post a Comment