Monday, March 09, 2009

တစ်ကြောင်းဆွဲနှင့် စူပါကြီးများ အားပြိုင်ပွဲ

စုဘူး ဟောစာတမ်းတွင် ရေးသားခဲ့သော နှစ်ပေါင်းများစွာ ကြာပြီးသည်၏ တစ်နေ့။ 
 
ပြိုင်ပွဲ ကျင်းပမည့် ခန်းမကြီးထဲတွင် စုဘူးသုံးစွဲသူ ယူဇာများ အုံနှင့်ကျင်းနှင့် အစုအဖွဲ့ အလိုက် ရောက်ရှိနေ ကြလေသည်။ ယူဇာအဟောင်းအသိုးကြီး များကတစ်ဖွဲ့၊ ယူဇာအသစ်လေး များကတစ်ဖွဲ့၊ စာရေး အလွန်ကောင်းသည်ဟု သတ်မှတ်ခြင်း ခံထားရသော ယူဇာများကတစ်ဖွဲ့၊ တစ်ကြောင်းတည်းသာ ရေးလေ့ရှိကြသော ယူဇာများကတစ်ဖွဲ့ စသည်ဖြင့် အဖွဲ့ဖွဲ့ အစုစုဖြင့် ယခုကျင်းပ ပြုလုပ်မည့် ပြိုင်ပွဲအကြောင်းကို အာပေါင် အာရင်းသန်သန် ဆွေးနွေး ငြင်းခုံလျှက် ရှိနေကြလေ၏။

ယခုပြိုင်ပွဲမှာ မည်သည့်ပြိုင်ပွဲ ဖြစ်သနည်းဟု စဉ်းစားနေ ကြလောက်ပြီ မဟုတ်လား။ ပြောပြပါမည်။ စုဘူးတွင် တစတစ တိုးပွားလာသော ယူဇာများ၊ ပြဿနာများ၊ တစ်ကြောင်းဆွဲ ဘလော့ဂါ များအပေါ် နှိမ်ချ နေကြမှုများအား ဖြေရှင်းပေး နိုင်ရန်အတွက် မိုင်စုဘူး တာဝန်ရှိသူ များမှ စီစဉ် ကျင်းပလိုက်သော “တစ်ကြောင်းဆွဲနှင့် စူပါကြီးများ အားပြိုင်ပွဲ” ပင် ဖြစ်ပါသည်။ ယခုပြိုင်ပွဲ မှနေ၍ မည်သူက အရည်အချင်း ပိုရှိသနည်း ဆိုသည်ကို အကဲဖြတ်ပေး ပေလိမ့်မည်။ 
 
ပြိုင်ပွဲ ကျင်းပမည့် အစီအစဉ်များမှာ ပထမပိုင်းတွင် စုဘူး သုံးစွဲသည့် ယူဇာ များထဲမှ တစ်ဦးချင်း အတွက် နေရာအလိုက် အကောင်းဆုံး ဖန်တီးနိုင် သူများအား ကြေငြာ၍ ဆုချီးမြှင့်ပြီး ပရိသတ်များ စိတ်အဝင်စားဆုံး ဖြစ်လာမည့် “တစ်ကြောင်းဆွဲနှင့် စူပါကြီးများ အားပြိုင်ပွဲ” ကိုမူ နောက်ဆုံးမှ ပရိသတ်များ ရှေ့မှောက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်၏။

ပထမဆုံး အနေဖြင့် စုဘူး၏ “ဘလော့ဂ်တွေထဲမှာ အလွမ်းဆုံး” ဆုကို ကဗျာဆရာကြီး သူရဿဝါမှ အလွမ်း ကဗျာပေါင်း တစ်သောင်း ခြောက်ထောင်နဲ့ ရှစ်ရာ ကိုးဆယ့် ကိုးပုဒ်တိတိ ရေးသားပြီး ဆွတ်ခူးရရှိ သွားလေ၏။ နောက်ထပ် စုဘူး၏ အတော်ဆုံး ဓာတ်ပုံ ပညာရှင်ဆုကို ကိုကြီးကျော်မှ ဆွတ်ခူး ရရှိပြီး စုဘူး၏ အကောင်းဆုံး ဓာတ်ပုံ ဆုကိုလည်း ကိုကြီးကျော်မှပင် “အားလုံးရဲ့အပေါ် ကိုကြီးကျော်” အမည်ရှိ ဓာတ်ပုံဖြင့် ထပ်မံ ဆွတ်ခူးရရှိ သွားပြန်သည်။ ဆုဆွတ်ခူး သွားသော ဓာတ်ပုံမှာ အလွန်တရာပင် ခေါင်းစဉ်နှင့် ကိုက်ညီမှုရှိပြီး လိုင်းကား ခေါင်မိုးပေါ်မှ တွယ်စီး နေသော ကိုကြီးကျော် ပုံကိုပင် ရိုက်ကူးထားခြင်း ဖြစ်သည်။

စုဘူး၏ ဝီရိယ အရှိဆုံးဆုကိုမူ တခါတည်းနှင့် ပိုစ့်ပေါင်း လေးဆယ်တိတိ တင်သွားသော ဘလော့ဂါ “ကိုအဆက်မပြတ်” မှ ရရှိ သွားလေသည်။ စုဘူးတွင် ရန်အတွေ့ နိုင်ဆုံးသူအား ပေးသော “နှုတ်ခမ်းတလန် ပန်းတလန်ဆု” အား သူရဿဝါ၊ ဆုဆင့်၊ ဇီးရိုးနှင့် သောတတို့မှ ပြိုင်ဘက်မရှိ ပူးတွဲ ဆွတ်ခူး ကြပြန်၏။ ထို့နောက် အထူး အရေးကြီးသော ဆုတစ်ဆု အဖြစ် “လူအာရုံစိုက်အောင် အလုပ်နိုင်ဆုံးဆု” နှင့် “အဖွအတော်ဆုံးဆု” နှစ်ဆုလုံးကို ဘလော့ဂါကြီး နှစ်ဦးဖြစ်သော ဖာတမာ တေနာနှင့် ဇွက်တို့မှ ပူးတွဲ ဆွတ်ခူးသွား ကြပြန်၏။ စုဘူး၏ ၂၁ ရာစု နောက်ပိုင်း ကမ္ဘာ့ အရယ်ရဆုံး ပိုစ့်ကိုကား အားလုံး ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည့် အတိုင်းပင် အမှန်တရားပေါင်း မြောက်မြားစွာ တို့၏ ခေါင်းကိုင် ဖခင်ကြီး ဖြစ်သော ဇွက်မှပင် “မှန်.. မှန်.. မှန်.. မှန်.. မှန်ပြီးရင်းကို မှန်” ဟူသော ပိုစ့်ဖြင့် ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိ ပြန်လေသည်။

ထို့နောက် ပြိုင်ပွဲကို ခေတ္တ ရပ်နားပြီး “တစ်ကြောင်းဆွဲနှင့် စူပါကြီးများ အားပြိုင်ပွဲ” ကို ကျင်းပရန် အတွက် ပြင်ဆင် ကြလေသည်။ ပြိုင်ပွဲတွင် ကွန်ပျူတာ နှစ်လုံး ချပေးထားပြီး တစ်ကြောင်းဆွဲ ဘလော့ဂါများက တဖက်၊ ထိုတစ်ကြောင်းဆွဲ ဘလော့ဂါများကို ဝေဖန် နေကြသော စူပါ ဘလော့ဂါကြီးများက တဖက် ပြိုင်ဆိုင်ကြ မည်ဖြစ်ပြီး ပိုစ့်တစ်ပုဒ်စီ ပြိုင်ရေးကာ မည်သည့် ပိုစ့်က ပိုကောင်းသနည်းဟု ဆုံးဖြတ်ပြီး ယှဉ်ပြိုင်စေမည် ဖြစ်လေသည်။ တဖက်စီမှ အတော်ဆုံး တစ်ယောက်စီသာ ရွေးချယ် ယှဉ်ပြိုင်ကြရမည် ဖြစ်၏။ ထို့ကြောင့် စူပါ ဘလော့ဂါကြီးများ ဘက်မှ မနိုင်, နိုင်အောင် အကြံ ပက်စက်ပြီး မြန်မာပြည်၏ နာမည်ကြီး ဘလော့ဂါ ဖြစ်သော နိုင်းနိုင်းစနေအား စုဘူးတွင် ချက်ချင်း အကောင့် အသစ်တစ်ခု ဖွင့်ပေးပြီး စူပါကြီးများ ဘက်မှ ယှဉ်ပြိုင်ရန် ရွေးခြယ် ထားလေသည်။ တစ်ကြောင်းဆွဲများ ဘက်ကမူ မထင်မရှား တစ်ဦးကိုသာ ဝင်ရောက် ယှဉ်ပြိုင်ရန် စေလွှတ် လိုက်လေ၏။

ပြိုင်ပွဲ စတင်သည်နှင့် စူပါ ဘလော့ဂါကြီးများ ဘက်မှ နိုင်းနိုင်းစနေမှာ အနိုင် ရရှိစေရန် အတွက် တကုပ်ကုပ်နှင့် အားရပါးရ ရေးသားသော်လည်း တစ်ကြောင်းဆွဲ ဘလော့ဂါမှာမူ လက်လေး အနည်းငယ်သာ လှုပ်လိုက်ပြီး အေးအေးဆေးဆေး ဒူးနန့်ကာ ထိုင်နေလေ၏။ ထို့နောက် နှစ်ဖက်လုံး ရေးသားမှု ပြီးသောအခါ ဒိုင်လူကြီးများမှ အကဲဖြတ် အမှတ်ပေးပြီး ဆုရသူကို ဤသို့ ကြေငြာလေ၏။

“ပြိုင်ပွဲဝင် များရဲ့ ပိုစ့်တွေကို ဖတ်ကြည့်လိုက်တဲ့ အခါမှာ စူပါ ဘလော့ဂါများ ဘက်က ပိုစ့်ဟာ တော်တော်ကြီးကို ကောင်းမွန်ပြီး ရသ ကိုးပါးစလုံးကို တစ်ပုဒ်ထဲမှာ စုပြုံပြီး ရေးသွား နိုင်သလို ပိုစ့်ဟာလည်း စာမျက်နှာပေါင်း ကိုးဆယ်တိတိ ရေးသားသွား နိုင်တဲ့အတွက် ဆုပေးဖို့ အလွန် သင့်တော်တဲ့ ပိုစ့်လို့ ထင်မိပါတယ်” 
ထိုသို့ ကြေငြာသံကို ကြားသောအခါ စူပါ ဘလော့ဂါကြီးများ ဘက်မှ လူများမှာ နားကွဲ လုမတတ် ဆူညံစွာ “ဟေး” ခနဲ အော်၍ အောင်ပွဲခံနေ ကြလေသည်။ သို့သော် ဆုကြေငြာသူမှ ဆက်လက်၍

 

“ဒါပေမဲ့လည်း တစ်ကြောင်းဆွဲ ဘလော့ဂါများ ဘက်မှ ရေးသားတဲ့ ပိုစ့်ကို ကြည့်တဲ့ အခါမှာတော့ ပိုစ့်တစ်ပုဒ်လုံးမှာ စာလုံး လေးလုံးတည်း သုံးပြီး အဓိပ္ပာယ် အပြောင်မြောက်ဆုံး ဆုမပေးဘဲနေလို့ မရအောင်ကို ရေးသားသွား တဲ့အတွက် စူပါ ဘလော့ဂါကြီးရဲ့ ပိုစ့်ကို ဝမ်းနည်းစွာ နဲ့ပဲ ပယ်ဖျက်ပြီး တစ်ကြောင်းဆွဲများ ဘက်က အနိုင် ရရှိသွားကြောင်း ကြေငြာ အပ်ပါတယ်” 
ထိုအခါ စူပါ ဘလော့ဂါကြီးများ မှိုင်ကျသွားပြီး ခဏနေသောအခါ

 

“အောင်မာ.. စာလုံး လေးလုံးတည်းကို ဆုပေးရတယ်လို့ ဘယ်လောက်တောင် ကောင်းလို့လဲ” 
ဟူသော အသံများ ဟိုတစ ဒီတစ ထွက်ပေါ်လာ ‌လေတော့သည်။ ထို့ကြောင့် ကြေငြာသူမှ ဆက်လက်၍

 

“ဟုတ်ကဲ့.. စာလုံး လေးလုံးတည်းနဲ့ ဆုရသွားတာဟာ တကယ်ကို ထိုက်တန်လို့ပဲ ဖြစ်ပါတယ်.. ဆုမပေးလို့ကို မရပါဘူး၊ သူ ရေးသွားတဲ့ လေးလုံးကတော့ “မြတ်စွာဘုရား” ဆိုတဲ့ စာလုံး လေးလုံးပဲ ဖြစ်ပါတယ်.. တော်တော်ကို ပြောင်မြောက်စွာနဲ့ အပြည့်စုံဆုံး ရေးသား သွားတာပဲ ဖြစ်ပါတယ်၊ အဲဒီပိုစ့်ကို ရေးသားသွားတဲ့ တစ်ကြောင်းဆွဲ ဘလော့ဂါကြီးရဲ့ နာမည်ကတော့ “တိုတိုတုတ်” ပဲ ဖြစ်ပါတယ်၊ ဆုယူရန်အတွက် ကြွရောက်ပေးပါ” 
ဟု ကြေငြာလိုက် လေတော့၏။ ထို့နောက် ထိုက်ထိုက်တန်တန် ဆုရသွားသော တိုတိုတုတ်အား ဆုချီးမြှင့် ပေးပြီးနောက် ကြွရောက်လာသူ အပေါင်းအား ထမင်းရည်များ အလကား တိုက်ကျွေး ပြီးနောက် အခမ်းအနားကို အုတ်အုတ်ကျက်ကျက်ဖြင့် အောင်မြင်စွာ ရုပ်သိမ်းလိုက် လေတော့သတည်း။

 

သူရဿဝါ
၀၉ - မာ့ချ် - ၂၀၀၉

Images credit: Dreamstime.com

No comments:

Post a Comment