ကျွန်ုပ်သည်ကား ရှေ့မီနောက်မီ အပေါ်မီ အောက်မီရုံသာမက အလွန်တရာ ဉာဏ်ပညာ အမြော်အမြင် ကြီးမားလှသော ပညာရှိတစ်ဦး ဖြစ်ရကား တစ်နေ့ထက် တစ်နေ့ ပို၍ပို၍ ဖွံ့ဖြိုး တိုးတက် စည်ပင်ပြန့်ပွား ကြီးမားလာနေပြီ ဖြစ်သော စုဘူးတို့၏ ရှေ့ရေးကို တွေးဆဆင်ခြင် တွက်ချက် ကြည့်ပြီးသကာလ ဤစုဘူးဟောစာတမ်း အမည်တွင်သော ရှေ့ဖြစ် ကျမ်းကြီးအား ဟောကြား ထုတ်ဝေ လိုက်ရခြင်းသာ ဖြစ်ပေတော့သည် တမုံ့။
ယခု အချိန်တွင် စုဘူး ယူဇာပေါင်း တစ်သောင်းနီးပါး ဖြစ်လာခြင်းကို ထောက်ရှု၍ နောင်လာမည့် နှစ်အနည်းငယ် အတွင်း အင်္ကျီပေါ်တွင် စွဲကပ်သော ဖားဥများပမာ မရေမတွက် နိုင်အောင်ပင် စုဘူး သုံးစွဲသူများ တိုးပွားလတ္တံ့။
ဘတ်စ်ကားပေါ်တွင် လည်းကောင်း၊ အများသုံး အိမ်သာတွင် လည်းကောင်း၊ လက်ဖက်ရည်ဆိုင်တွင် လည်းကောင်း နေရာအနှံ့တွင် လူဆယ်ယောက် ရှိပါက ကိုးယောက်မှာ စုဘူးများ ဖြစ်ကြပြီး ကျန်တစ်ယောက်မှာမူ အင်တာနက် သုံးစွဲသူတစ်ဦး မဟုတ်၍သာ ဖြစ်ကြောင်း သိရှိရလတ္တံ့။ နျူကလီးယား ဗုံးသည် နိုင်ငံတိုင်းတွင် မရှိသော်လည်း စုဘူးသုံးစွဲသူ များမှာမူ နိုင်ငံတိုင်းတွင် ရှိလတ္တံ့။
ထိုမျှ ရေပန်းစား လာသောအခါ လူတို့သည် ခလုတ် တိုက်မိလျှင် “အောင်မယ်လေး စုဘူး”၊ အင်တာနက် ကဖေးများတွင် ဆောင်ပုဒ်အဖြစ် “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် သုံးရန် မိုင်စုဘူး”၊ ဟစ်ပ်ဟော့ပ် အဆိုတော်များက “User ချင်း ရန်တွေ မဖြစ်ပါနဲ့ စုဘူးလောက အတွက်” အစရှိသည်ဖြင့် အာမေဋိတ်များ၊ စကားပုံများ၊ သီချင်းများ၌ပင် စုဘူး အမည်နာမအား သုံးစွဲလာကြ ရလတ္တံ့။
ထိုအခါ Mysuboo.com မှ တာဝန်ရှိသူများ မှာလည်း စုဘူး အမည်သုံးစွဲခများ၊ Copyright များ သတ်မှတ် ကောက်ခံကာ ကျိကျိတက်အောင် ချမ်းသာမြင့်မား လာလတ္တံ့။ ထိုအခါ မိုင်စုဘူး ရုံးခန်းအား ယခု တည်နေရာ ၁၀ ထပ်မှ အထပ် ၂၀ သို့ ပြောင်းရွှေ့တည်ထား ကြလတ္တံ့။ ထိုနည်းတူ စုဘူး သုံးစွဲသော စာရေးကောင်းသူ တို့မှာလည်း ဟောလီးဝုဒ်မှ မင်းသား၊ မင်းသမီးများ ကဲ့သို့ပင် ကမ္ဘာသိ Celebrety များအဖြစ် ရောက်ရှိကာ ကြော်ငြာများ၊ ရုပ်ရှင်များ လက်ခံ ရိုက်ကူးပြီး သန်းကြွယ် သူဌေးများ ဘဝသို့ ရောက်ရှိကြ လတ္တံ့။
စုဘူးတွင် နာမည်ကြီးပါက ကမ္ဘာကျော် ဖြစ်လာနိုင်မည့် အရေးကို တွေးကာ စုဘူးယူဇာတို့ Blog ပိုစ့်များ တစ်ဦးလျှင် တစ်နေ့ ပျမ်းမျှ အပုဒ် ၃၀ ခန့် နင်းကန် ရေးသား ဖော်ထုတ်ကြလတ္တံ့။ ထိုသို့ မဟားဒယား ရေးသား လာကြချိန်တွင် အရည်အသွေးထက် အရေအတွက်က အဓိက ဖြစ်လာကာ တစ်ကြောင်း၊ နှစ်ကြောင်းတည်းဖြင့် ရေးသားထားသော Blog ပိုစ့်များ မရေမတွက် နိုင်အောင် မြင်တွေ့ရလတ္တံ့။ ထိုအခါ အလွန်တရာမှ အရည်အချင်း ပြောင်မြောက်သော “တစ်ကြောင်းဆွဲ ဘလော့ဂါ” များစွာ ပေါ်ထွန်းလာ လတ္တံ့။
မြန်မာပြည်သည်လည်း ကမ္ဘာပေါ်တွင် “ဘလော့ဂါ” အရေအတွက် အများဆုံး နိုင်ငံအဖြစ် ကမ္ဘာ့ အလယ်တွင် ဂုဏ်ယူ ဝံ့ကြွားလာနိုင် လတ္တံ့။ ထိုအချိန် ရောက်လာသောအခါ Comment တစ်ခု၏ တန်ဖိုးမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ကဲ့သို့လည်းကောင်း၊ ရွှေတစ်ပိဿာ၏ တန်ဖိုးနှင့် လည်းကောင်း တန်းတူ ဖြစ်လာကာ ပိုစ့်ရေးသားသူများ Comment တစ်ခု ရရန်အတွက် စာဖတ်သူ များအား လည်ပင်း ဓားထောက်၍ အတင်းကာရော Comment များ တောင်းခံလာကြ လတ္တံ့။
ထိုသို့ဖြင့် နာမည်မကြီး ကြီးအောင် အပြိုင်အဆိုင် အလုအယက် ရေးသားကြရာမှ ယူဇာ အသစ်များနှင့် ယူဇာအဟောင်းများ၊ ယူဇာအဟောင်းများနှင့် ယူဇာအဟောင်းများ၊ ယူဇာအသစ် များနှင့် ယူဇာအသစ်များ စသည့် ပြဿနာ ပေါင်းစုံဖြင့် တသောသော တဟီးဟီး ဆူညံ ပွက်လောရိုက်ကာ စုဘူး ဝက်ဘ်ဆိုက်ကြီးမှာ နေ့စဉ်နှင့်အမျှ စည်ကား သက်ဝင်ပြီး ဝက်ခြံကြီးကဲ့သို့ ရှိလတ္တံ့။ ထိုအခါ ၎င်းယူဇာများအား ထိန်းကျောင်းရန်အတွက် စုဘူး ဝက်ဘ်ဆိုက်တွင် အလုပ်, လုပ်ကိုင်မည့် အက်ဒမင်များအား လစာနှုန်းထား ကြီးမြင့်စွာ ပေး၍ ခေါ်ယူခန့်အပ် ရလတ္တံ့။
ရုပ်သံ အစီအစဉ်များမှ ပြသော သိုင်းသမား များကဲ့သို့ သတ်နည်း ပုတ်နည်း ပေါင်းစုံ ကျွမ်းကျင် ကြသူများ၊ အလွန်တရာမှ စိတ်ရှည်သည်းခံ နိုင်သူများ၊ အဖြတ်အတောက် ကျွမ်းကျင် ကြသူများ၊ စုဘူးအက်ဒမင်အဖြစ် ရောက်ရှိလာ လတ္တံ့။ စုဘူး ဝက်ဘ်ဆိုက်ကြီး ထွန်းကားလာ သကဲ့သို့ပင် ယူဇာများစု၍ ဖွဲ့စည်းထားသော Mysuboo Fanclub သည်လည်း နာမည်ကျော်ကြား လူကြိုက်များ၍ မန်ဘာပေါင်း သောင်းခြောက်ထောင် ဖြစ်လတ္တံ့။ ထိုအခါ နှစ်လတစ်ကြိမ် သွားရောက် လှူဒါန်းသော Donation များအစား ဆူးလေဘုရား ခြေရင်းတွင် မဏ္ဍပ်ကြီး ထိုး၍ နေ့စဉ် နေ့တိုင်း အလှူကြီး ပေးနိုင်လတ္တံ့။
စုဘူး ဖန်ကလပ်မှ မန်ဘာဝင် များမှာလည်း ဖလောရင့်စ် နိုက်တင်ဂေးလ်၊ မာသာထရီဇာ တို့ကဲ့သို့ ကမ္ဘာကျော် ကရုဏာရှင် များအဖြစ် အသိအမှတ်ပြု ခံရကာ နှစ်စဉ်နှစ်တိုင်း နိုဘယ်လ်ဆုများ အလှည့်ကျ ရရှိလတ္တံ့။ စာရေးကောင်းရုံတင် သာမက ဘက်စုံတော်သော စုဘူးမန်ဘာ များမှာလည်း ယခု တည်ထောင်ထားသော ဘောလုံးအသင်း၊ ဒိုတာအသင်း၊ ကြက်တောင်ရိုက် အသင်းများအပြင် ကုလားမစည်းနင်း အသင်း၊ တူတူပုန်းတမ်း အသင်း၊ ကြက်ဖခွပ် အသင်း၊ လှေလှော် ရွက်တိုက် အသင်း၊ ဂွေလှိမ့် အသင်းများ အပြိုင်အဆိုင် ဖွဲ့စည်းကြကာ နိုင်ငံတကာပြိုင်ပွဲ အသီးသီးသို့ ဝင်ရောက် ယှဉ်ပြိုင်ကြ လတ္တံ့။
ထို့ပြင် စုဘူးမှ နတ်မိမယ်လေး သုံးဖော်ဖြစ်သော ဆာမူရိုင်း၊ မြိုင်မဟာ ချမ်းချမ်း၊ ဆိုဆိုတို့၏ ကာရာအိုကေ သီချင်းဆို အဖွဲ့မှာလည်း အလွန်တရာ နာမည် ကျော်ကြားလာမည့် သီချင်း အယ်လ်ဘမ်ပေါင်း များစွာ ထုတ်ဝေကာ ဂရမ်မီဆုများ မရေမတွက် နိုင်အောင် ရရှိလာ လတ္တံ့။ ထိုအချိန်သို့ ရောက်သောအခါ ကျွန်ုပ်တို့ မူလလက်ဟောင်း စုဘူးကြီးများမှာ လာမည့် သားမြေးမြစ် တီတွတ် စုဘူး ပိစိကွေးလေး များအား လူကြီးသူမများ နေရာမှနေ၍ အဖက်ဖက် ကောင်းမွန် ပြည့်စုံသော အကြံဉာဏ်များကို အဆက်မပြတ် ပေးအပ် ချောက်တွန်းကာ မိန့်မိန့်ကြီး ရှိနေကြ လတ္တံ့။
ဤတွင် ကျွန်ုပ် စီမံ ရေးသားအပ်သော “စုဘူး ဟောစာတမ်းကြီး” နိတ္ထိတံ၏။
သူရဿဝါ
၀၉ - မာ့ချ် - ၂၀၀၉
No comments:
Post a Comment