မျက်ကန်းတွေ တိုးဝင်နေကြတဲ့တော
ပြန်မရနိုင်တဲ့ ဆုံးရှုံးခြင်းတွေရှိတယ်
အရောင်မတူတဲ့ မျက်လုံးတွေရှိတယ်
ချောင်းမြောင်းမှုတွေရှိတယ်။
မသပ်ရပ်ဘူး
လူသားမဆန်ဘူး
(တနည်းအားဖြင့်တော့ လူသားဆန်တယ်)
ဘယ်တော့မှ စိမ်းလန်းမလာနိုင်ဘူး
နာကျင်စေနိုင်ခြင်းတွေ ကျောမှာလွယ်ပြီး
သားကောင်ကိုပစ်သလိုပဲ ခပ်လွယ်လွယ်ပစ်နေကြတယ်။
သူတို့တွေ လေးညှို့ကို အဆုံးထိဆွဲတင်ထားကြ
မျက်ကန်းတွေ
အဲဒီတောထဲမှာ မျက်ကန်းတွေ
တစ်ယောက်ရဲ့အတ္တကို တစ်ယောက်မမြင်ဘူး။
အဲဒီတောထဲက မျက်ကန်းတွေ
တစ်ယောက်ရဲ့ခြေလှမ်းကို တစ်ယောက်မသိဘူး
မျက်ကန်းတွေ
တစ်ယောက်ရဲ့အပြုံးကို တစ်ယောက်မမြင်ရဘူး။
ဘယ်ထောင်ချောက်မှမကြောက်ဘဲ
လျှောက်ရဲကြတဲ့ မျက်ကန်းများ
အလျှောက်လွဲကြတဲ့ မျက်ကန်းများ
ပေါက်ကွဲကြတဲ့ မျက်ကန်းများ
အကြောက်နည်းကြတဲ့ မျက်ကန်းများ
တောကိုက မှောင်နေခဲ့တာ။
မျက်ကန်းတို့ကမ္ဘာဟာ
မှောင်သထက်သာမှောင်လာတယ်
ဘာကိုမှ မမြင်ရတဲ့
(မြင်အောင်လည်းမကြည့်ခဲ့ကြတဲ့) မျက်ကန်းများ
ရှင်သန်လိုက် သေဆုံးလိုက်
မာယာတွေနဲ့ တသွေးတသားထဲ
မြူးထူးကခုန်လိုက်။
သူရဿဝါ
၀၉ - မာ့ချ် - ၂၀၀၉
Image credit: Saatchiart.com
No comments:
Post a Comment