နှုတ်ဆက်လိုက်ရတော့မယ်ဆိုတာ သေချာခဲ့ပြီ
မျက်ရည်တွေကိုပဲ သီချင်းလုပ်ဆိုပါတော့မယ်ကွယ်
အဆုံးသတ် ပြတင်းတံခါးများ
ဖွင့်ထားရင်းနဲ့ကို ပိတ်လှောင်သွားကြ
ငါ့ ကြေကွဲခြင်းဟာ ကူးစက်ရောဂါတစ်မျိုးလို
ငါ့ သွေးသားထဲ တိုးဝင်ပျံ့နှံ့
ကျိန်စာတွေလည်း ရင်နဲ့မဆန့်ဘူး
ဒီညကို ငါဘယ်လို စီးနင်းလိုက်ပါရမလဲ
ညချော့တေးတွေထဲမှာပဲ
ငါက ကြယ်ရောင်တွေထဲ မျောပါသွား
လရောင်တွေထဲ မျောပါသွား
အသည်းကွဲသူတို့ရဲ့လမ်းထဲ ငါကိုယ်တိုင်လှမ်းခဲ့ပြီ
ညီမလေးရေ
မင်းကတော့ ပျော်နေရှာရောပေါ့ကွယ်
ငါ့မှာသာ အလွမ်းတွေကို မခွဲနိုင်မခွာရက်
ငါ့လက်ထဲကနေ လွှတ်မချဝံ့သေးဘူး
ကဗျာရွတ်ကြည့်တယ် အသံထွက်မလာဘူး
ဂစ်တာတီးကြည့်တယ် အသံထွက်မလာဘူး
ငါ့အသံတွေ ခြောက် သွေ့ ကွဲ အက်
အသံထွက်မလာခဲ့ဘူး
ဒီညက ဆက်မသွားပါနဲ့တော့
မလင်းစေနဲ့တော့
ဒဏ်ရာတစ်သန်းနဲ့ ရင်ကွဲကျမ်းထဲကလူ
မျက်ရည်တွေကိုပဲ သီချင်းလိုဆိုပါတော့မယ် ညီမလေးရယ်
နှုတ်ဆက်တေးတွေ ဝေးသွားတယ်။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Victoryart.eu
No comments:
Post a Comment