Tuesday, March 10, 2009

မှတ်တိုင်လေး

ကိုယ့်ကိုယ်ကိုယ် ခပ်မှိုင်မှိုင် တပ်ဆင် ထားရသော အပယ်ခံဘဝမှာ မှတ်တိုင် ဖြစ်ပါသည်။ အစကတော့ “အိပ်မက်တို့ စတင်စီးမျောရာ ဒေသ” ဟု ဂုဏ်ယူ နေခဲ့ဖူးသော်လည်း လူဟူသော သတ္တဝါတို့၏ လှုပ်ခတ် ရွေ့လျားမှုအောက်တွင် ကိုယ့်ကိုယ်ကိုယ်ပင် ဘာမှန်းမသိ တော့လောက်အောင် ဆိုးဆိုးရွားရွား အတိတ်မေ့ခဲ့ ရပါသည်။ တကယ်တော့ “မှတ်တိုင်လေး” သည် ခြေသလုံးအိမ်တိုင် ဘဝနှင့်ပင် ခြေသလုံးအိမ်တိုင် လျှောက်သွားနေခွင့် မရှိခဲ့ရှာပါ။ ငြိမ်ငြိမ်လေး ရပ်နေရင်းကပင် တေလေစိတ်ကို ခပ်ရိုင်းရိုင်း လွှင့်တင်ထား ခဲ့ရပါသည်။

နံနက်စောစော နေရောင်ခြည် နှင့်အတူ သူ နိုးထ၏။ အနားတွင် ခိုလှုံလာသူ မှန်သမျှကို ခရီးဦးကြို ပြုသည်။ လူတို့၏ သဘောကို မသိသော်လည်း သိသလောက် သဘောလေးဖြင့်ပင် သူပြုံးပြ နေတတ်ပါသည်။ သူသည် အိမ်ရှင် ပီသသော အနစ်နာခံမှု မျိုးကိုလည်း တခုတ်တရ မွေးမြူ ထားမိ၏ (လက်အစုံ မပါသောကြောင့် ကော်ဖီခွက် ဖြင့်တော့ တည်ခင်း ဧည့်ခံနိုင်ခြင်း မရှိပါ)။ သူ့ထံ ခိုလှုံနေသူတို့ ဆွံ့အ ပူလောင်ခြင်း ကင်းစေသောငှာ နွေနေ ပူပူထဲတွင် သူ့ အရေပြားများကို အတတ်နိုင်ဆုံး ဆန့်ထုတ်လျက် စုတ်ပြဲ မှိန်ဖျော့ခံ နေခဲ့ပါသည်။ မိုးစက် မိုးပေါက်တို့ စိုစွတ်ခြင်းမှ ကင်းဝေး အောင်လည်း သူ့ခန္ဓာကိုယ်ထဲသို့ မိုးစက်များကို ယိုစိမ့်စီးဝင်ခံ ခဲ့ပါသေးသည်။ သို့သော် လူဟူသော အမည်နာမကိုပင် ပြောင်းပစ်သင့်လောက်သော သူအချို့ကမူ သူ့အား မညှာမတာပင် ငြှိမ်းသတ်ပစ်တတ် ကြပါသည်။ သူ့ကိုယ်ပေါ်တွင် မင်ရာ ခြစ်ရာများဖြင့် ညစ်ပေအောင် ပြုကြသည်။ သူ့ကို ပမာမခန့်ဖြင့် မတူသလို မတန်သလို ကြည့်ရင်း နီပျစ်ပျစ် အရည်များဖြင့် လောင်းချသွား တတ်ကြသည်။ မှတ်တိုင်လေးမှာ တိတ်တိတ်လေး ကြိတ်၍ ကြေကွဲ နေခဲ့ဖူးပါသည်။

နံနက်မိုးလင်းမှ အစပြု၍ ညမိုးချုပ် လာသည့်တိုင်အောင် သူ့ထံ ဝင်စို့ထွက်စို့ ရှိနေတတ် ကြသော်လည်း မည်သူမျှ သူ့ကို အရေးတယူ မရှိကြပါ။ သူ့ကို စကားဝိုင်းထဲ ဝင်ခွင့် မပေးကြပါ။ အဆိုးဆုံး ကိစ္စမှာ သူ့အရိပ်တွင် ခိုလှုံပြီး သူ့ကို ကျောခိုင်း ထားကြခြင်းပင် ဖြစ်ပါသည်။ ညဉ့်နက် လူခြေတိတ်သော အချိန်တွင်မူ မှတ်တိုင်လေးသည်လည်း တကိုယ်တည်း တိတ်နေခဲ့ ရပါသည်။ ဆိုနေရင်းဖြင့်ပင် တိတ်လိုက်ရသော သီချင်းကဲ့သို့ပင် မှတ်တိုင်လေးသည် စိတ်တို နေခဲ့ရပါသည်။ တေလေစိတ်ကို ခပ်ရိုင်းရိုင်း လွှင့်တင် နေရင်းကပင် (မတတ်သာစွာ) ငြိမ်ငြိမ်လေး ရပ်နေခဲ့ ရပါတော့သည်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Artstation.com

No comments:

Post a Comment