အိပ်မက်တွေမကောင်းဘဲ လန့်နိုးလာရတဲ့မနက်ဟာ
သူ့ကိုလွမ်းတဲ့စိတ်နဲ့ အကြိမ်ကြိမ်အဖန်ဖန်သေတယ်
မျက်လုံးအစုံပွင့်တာနဲ့
စိတ်ကူးတွေက ကြိုးတန်းလမ်းလျှောက်ထွက်တယ်
ဒါဟာထောင်ချောက်တစ်မျိုးပါပဲ
ခပ်နွေးနွေးဖြာကျတဲ့ နေရောင်ဟာ
ကျွန်တော့်စိတ်ကူးတွေထဲ
အလွမ်းကိုထည်လဲဝတ်ဆင်စေတယ်
တကယ်တော့ သူဟာ ကျွန်တော့်အတွက်
အထိခိုက်အပျက်စီးမခံနိုင်သော
အသက်ရှူလမ်းကြောင်းကလေး ဖြစ်တယ်
ခပ်ခါးခါးဖျော်လိုက်တဲ့ ကော်ဖီခွက်ကို တမ်းတမှုနဲ့သောက်တယ်
ကျွန်တော့်မနက်ခင်းဟာ “သူ” ဆိုတဲ့အဓိပ္ပာယ်နဲ့ နိုးကြားနေပါစေ
ကျေးငှက်တို့ တီတာရွှင်မြူးသံကို
နွေရာသီက ခပ်ပြုံးပြုံးကြည့်နေချင်သလိုမျိုး
ကျွန်တော်လည်း သူ့ကို
ပြောမပြတတ်တဲ့လိုအပ်ချက်မျိုးနဲ့ လိုအပ်မိပါတယ်
ခေါင်းစဉ် စဉ်းစားမရတဲ့ကဗျာဟာ
မနက်ခင်းရဲ့ပျင်းစရာကောင်းတဲ့ဖြစ်တည်မှုမှာ အလိုက်တသင့်မရှိဘူး
ကျွန်တော့်မှာသာ “သူ့” ကိုလွမ်းတဲ့စိတ်နဲ့
အကြိမ်ကြိမ်အဖန်ဖန် ရှင်သန်သေဆုံးနေခဲ့။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၁၀
Image credit: Saatchiart.com
No comments:
Post a Comment