တစ်ယောက်နဲ့တစ်ယောက်
ကမ္ဘာတွေပျောက်လောက်အောင် ဝေးခဲ့ကြတယ်။
ငါကလည်း ငါ့ဝေဝါးမှုနဲ့ငါ
နင်ကလည်း နင့်ပြယ်လွင့်မှုနဲ့နင်
ရင်ခတ်တေးတွေလည်း ဆွေး နင့် ဝေး လွင့်ခဲ့ရ
ကြေကွဲခြင်းရဲ့အပြင်မှာ ဘယ်ကောင်းကင်တွေများရှိပေးကြမလဲ
စိတ်ဒဏ်ရာတို့သွန်းတဲ့မိုးမှာ ဘာတွေများကိုးကွယ်ရမလဲ။
ကံတရားဝတ်ရုံကမှ ကိုယ်တို့အပေါ် မလုံခဲ့တာပဲကွယ်
တိုးတိုးတိတ်တိတ် ကျောခိုင်းလိုက်ကြရုံ
ကိုယ် မမြင်ရက်တော့တဲ့ မျက်နက်ဝန်းလေး
ကိုယ့်ရဲ့အဝေးကိုငေးလို့
ရေဒီယိုသီချင်းတွေလည်း ကိုယ်နဲ့အတူ လေလှိုင်းထဲလွင့်လို့။
လွမ်းတယ်
အိပ်မက်ဆိုးတွေမက်တယ်
တဆစ်ဆစ်ဒဏ်ရာတွေနဲ့အတူတူ ခရီးထွက်တယ်
ကျိန်စာတွေ ကိုယ့်အပေါ် နင့်နင့်သီးသီးကြွေကျတယ်
နွေကိုစွန့်ခွာခဲ့ရတဲ့ ဥသြငှက်တို့အပြန်
ကိုယ်လည်း ငိုသံတွေနဲ့ ကျန်ခဲ့ရတယ်။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၁၀
Image credit: Pixels.com
No comments:
Post a Comment