Tuesday, March 10, 2009

ကြေကွဲရိပ်မှာ မီးမှိတ်သွားတဲ့ည

မင့်ကိုလှမ်းကြည့်ရတဲ့ ကိုယ့်မျက်ဝန်းတွေ
ကန်း မြေ့ ကြေ ကွဲ
အချစ်ကို မျှော်လင့်ချက်ခပ်နည်းနည်း
ပြန်မထစတမ်း လှဲထားခဲ့ရတယ်။

ရွေးခြယ်ခွင့်သာရှိမယ်ဆို
ကိုယ့်မိုးနှစ်တွေအားလုံး မဖြစ်သလိုပဲသုံးခဲ့ချင်ပါရဲ့
ဘယ်လို အနာဂတ်ကို ကိုးကွယ်ရမလဲ
ဘယ်လှိုင်းကိုမှ မကြောက်သလို
ဘယ်တံတိုင်းကိုမှလည်း မကြောက်ခဲ့ပါဘူးကွယ်။

ဆိုးလိုက်တဲ့ကံက ကိုယ့်ကိုသူ့ရင်ထဲက ဖျောက်ပစ်ခဲ့တယ်
ဝေး
ဝေး
မျက်နှာချင်းဆိုင်ရင်းကို ဝေးနေခဲ့ကြ
ဒင်္ဂါးစေ့လေးရဲ့ မျက်နှာပြင်လိုပါပဲ
တစ်ယောက်နဲ့တစ်ယောက်မှီခို
အကြိမ်ကြိမ်ငိုခဲ့ရတယ်။

အဲဒီလို
ထောင်ချောက်မလွတ်
ညွှတ်ကွင်းမလွတ်ခဲ့တဲ့ဒဏ်ရာတို့
ကိုယ့်အပေါ် ခပ်နာနာဖြတ်စီး
စီးဆင်းမှုအားလုံး ခပ်ပြုံးပြုံးပဲ
(မလွှဲမရှောင်သာ) နှုတ်ဆက်ခဲ့ရ။

ကိုယ့်သက်ပြင်းသံတွေ
လျှပ်လိုပဲ ထစ် ချုန်း စီး လက်
ကိုယ့်ကိုယ်ကို ပြန်ရှက်နေမိတယ်။

တကယ်ကိုပြန်ကြပါစို့ရဲ့
နှုတ်မဆက်စတမ်း လှည့်မကြည့်စတမ်း
လမ်းတွေပေါ်မှာပဲ အလွမ်းတွေအတွက် နေရာရှိကြရမယ်
ကိုယ်တို့ မြိုသိပ်ကြမယ်
အငိုတိတ်ကြမယ်
ကိုယ်တို့ အားလုံးရပ်တန့်ပြီး
ကြေ ကွဲ ကန်း မြေ့
တငွေ့ငွေ့လေး ဝေးလိုက်ရအောင် ညီမလေးရယ်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Pinterest.com

No comments:

Post a Comment