ပေါက်စီကိုခေါ်ပေးပါ
ဒီတခါ ရေးရမယ့် ဂွတီးဂွကျကတော့ ခါတိုင်းလို မထင်မှတ်တဲ့ မတော်တဆမျိုး မဟုတ်ဘူး။ တမင်ကို သူများဂွကျအောင် ကျွန်တော်က အေးအေးလူလူ “ကြပ်” တာ။ အဟဲ.. ကျွန်တော် ဘယ်လောက်ထိ “ကြပ်” သလဲ ဆိုတာ အနီးကပ် ပေါင်းနေတဲ့ ငတိတွေ၊ ငတိမတွေ အကြောင်းသိ။ ခုလည်း အဲဒီလိုပဲ တမင်ကို လျှောက်နောက်ပြီး “ကြပ်” တာ။ အင်း.. ဘယ်ကနေ ဘယ်လို ဖြစ်တာလဲ ဆိုတော့..
မနေ့က ကျောင်းကပြန်တော့ ပန်းအိခင်ဆီ သွားပါတယ်။ ပန်းအိနဲ့ တွေ့တော့ သူက သူ့ သူငယ်ချင်းနဲ့ Ice Berry မှာ ချိန်းထားတယ်ဆိုလို့ ကျွန်တော်လည်း ယောင်တောင် ပေါင်တောင်နဲ့ အဲဒီကို ပါသွား ပါလေရော။ ဟိုလည်းရောက်ရော ကျေးဇူးရှင်လေးက ကျွန်တော့်ကိုတောင် လှည့်မကြည့် တော့ဘူးဗျာ။ သာလိကာမလေး ပန်းအိပေါ့။ သူ့ သူငယ်ချင်းနဲ့ စကားထိုင် ပြောနေတာ အကြာကြီးပဲ။ ကျွန်တော်လည်း ပထမတော့ Magazine လေး ဖတ်လိုက်၊ သူ့ သူငယ်ချင်းကို ငမ်းလိုက်၊ အယ်.. ဟုတ်ပါဘူး.. သူတို့ စကားပြောတာ နားထောင်လိုက်နဲ့ ဟုတ်နေသေးတယ်။ ကြာတော့လည်း အူတူတူ ငူတူတူနဲ့ ပျင်းလာတာပေါ့။ ဒါနဲ့ ဘော်ဒါ တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်မယ် ဆိုပြီး အပြင်ထွက်လိုက်တယ်။ ပထမဆုံး ဘုန်းသန့်ခန့်၊ ဖုန်းနံပါတ်က မမှတ်မိဘူး။ အဲဒါနဲ့ ဒီကောင့်ဆီကို ဖုန်းဆက်ခိုင်းမယ် ဆိုပြီး ပေါက်စီကို ဖုန်းလှမ်းဆက်ဖို့ စဉ်းစားတယ်။ ပေါက်စီ ဖုန်းနံပါတ်ကို စာအုပ် ထဲကနေ ကြည့်ပြီး ဖုန်းခေါ် လိုက်တယ်။
“09 ++++”
ဖုန်းဝင်သွားတော့ ယောက်ျားလေး တစ်ယောက်
ဖုန်းလာ ကိုင်ပါတယ်။ အဲဒီမှာ ပြဿနာက စတာပဲ။
“ဟယ်လို.. အစ်ကိုရေ.. ပေါက်စီရှိလားဟင်”
“ဟမ်.. ပေါက်စီရှိရအောင် လက်ဖက်ရည်ဆိုင်မှ
မဟုတ်တာဗျ”
အဲဒါနဲ့ ကျွန်တော်လည်း စဉ်းစားတယ်။ ပေါက်စီဆိုရင်
သိမှာ မဟုတ်ဘူးလို့။ နာမည်အရင်းနဲ့ ခေါ်မှပဲလို့။
“ဟုတ်.. ပေါက်စီမဟုတ်ဘူး.. ဆုမြတ်သူ..
ဆုမြတ်သူ”
“မရှိဘူး.. ဆုမြတ်သူ..”
“အော်.. ဘယ်အချိန်လောက် ပြန်ရောက်မလဲ”
“အာ.. ဆုမြတ်သူက ဒီဖုန်းမှ မဟုတ်တာ”
အင်း.. ကျွန်တော်က သဘောပေါက် လိုက်ပြီ။
ငါတော့ ဖုန်းနံပါတ် မှားဆက်ပြီလို့။ အဲဒါနဲ့ ဖုန်းစာအုပ်ကို ပြန်ကြည့်။ ကျွန်တော် မှတ်ထားတာလည်း
ဒီဖုန်းနံပါတ်ပဲ။ ဒါဆို ကျွန်တော် မှားပြီး မှတ်ထားတာပေါ့။ အဲဒီမှာတင် ကိစ္စက ပြီးနေပြီ။
ဒါပေမယ့် အထဲပြန် ဝင်ရင်လည်း ပျင်းရဦးမှာ ဆိုတော့၊ အဟဲ.. ထုံးစံအတိုင်း နည်းနည်း ဆက်ရစ်ဖို့
ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ပဲ..
“အော်.. ဒီဖုန်းနံပါတ်က ဘယ်လောက်တုန်း”
“အင်း.. 09++++”
“ဟမ်.. ဒါဆို ပေါက်စီကို ခေါ်ပေးလေ”
“အာ.. ပေါက်စီမရှိပါဘူးဆိုနေမှ”
“ဟာ.. အစ်ကို့ဖုန်းနံပါတ်က 09+++++ မဟုတ်လား”
“အင်းလေ.. ဟုတ်တယ်လေ.. ဒါဆို ပေါက်စီကို
ခေါ်ပေးပါလို့ဆိုနေ..”
“ဟေ့လူ.. ခင်ဗျားဗျာ.. ပေါက်စီမှမရှိတာ..”
“အော်.. ဒါဆို.. ဘာမှားနေလဲ မသိဘူး..
အစ်ကို့ ဖုန်းနံပါတ် ပြန်ရွတ်ဗျာ..”
“အဲ.. 09+++++ လေ”
“အင်းလေ.. ကျွန်တော်ခေါ်တာ ဒီဖုန်းနံပါတ်ပဲလေဗျာ..
ပေါက်စီကို သွားခေါ်ပေး သွား.. လိမ်မာတယ်”
“ဟာဂျာ.. ဟေ့လူ.. ခင်ဗျားဗျာ.. မရစ်နဲ့လေဗျာ”
ကြာတော့ သူလည်း စိတ်ညစ် လာတယ်နဲ့ တူပါတယ်။
အသံလေးက သနားစရာတောင် ကောင်းတယ်။ ကျွန်တော်လည်း သနားတာနဲ့
“အင်း.. ဒါဆို ပေါက်စီမရှိဘူးပေါ့.. ဟုတ်လား”
“အင်းလေ.. အစကတည်းက မရှိပါဘူးလို့ ပြောနေတာကို”
“ဒါဆိုလည်း ပြီးတာပဲ ခင်ဗျားက အသုံးကိုမကျဘူး..
ဟိဟိ”
ဆိုပြီး ဂွပ်ဆို ဖုန်းချလိုက်တယ်။ ဒီလူလည်း
တော်တော်တော့ ဒေါခွီးပြီး ကျန်ခဲ့မှာပဲ။ နောက်မှ အထဲ ပြန်ဝင်ပြီး ပေါက်စီ ဖုန်းနံပါတ်
အမှန်ကို ပန်းအိဆီ မေးကြည့်မှ နောက်ဆုံး တစ်လုံးက သုညနဲ့ ခြောက်နဲ့ လွဲပြီး ကျွန်တော်
မှတ်ထားတာ။ အဲဒီတော့မှ ပေါက်စီဆီကို ပြန်ဆက်။ ဘုန်းသန့်ခန့်ကို ခေါ်ခိုင်း၊ ပြီးတော့
ပေါက်စီကိုပါ လာခဲ့ဆိုပြီး ခေါ်လိုက်တာ။
အဲ.. ညနေကျတော့ မထင်မှတ်ဘဲ လူက ပိုစုံသွား ပါလေရော။ ဘုန်းသန့်ခန့်ရော၊ ပေါက်စီရော၊ ပုသိမ်သူရော ရောက်လာကြတယ်။ အဲဒီမှာ ပိုဆိုးတာပဲ။ အားလုံးကို နေ့လယ်က အကြောင်း ပြောပြတော့ အကုန်ဝိုင်းပြီး ရယ်ကြတယ်။ ဟိုလူထပ်ပြီး ကံဆိုးချင်တော့ အကုန်လုံးက ပေါက်စီဖုန်းနဲ့ ဆက်ပြီး ဟိုလူ့ဆီ ထပ်ရစ် ကြပြန်ရော။ ပုသိမ်သူက ဖုန်းခေါ်လိုက်တယ်။
“ဟဲလို.. အစ်ကိုရေ.. နေ့လယ်က ပေါက်စီဆီကို
ဖုန်းမှားပြီး လာလို့ဆို.. အစ်ကို့ဆီ ဟုတ်လားဟင်”
“အင်း.. ဟုတ်တယ်ဗျ”
“အော်.. ညီမက ပေါက်စီပါ၊ အစ်ကိုကလည်း
ညီမဆီ ဖုန်းလာတာ.. ဘာလို့ မခေါ်ပေးတာလဲ”
“ဟမ်.. ဟုတ်ဘူးလေ.. ခင်ဗျားကမှ မရှိတာကို”
“အာ.. ညီမဆီ ဖုန်းလှမ်းဆက်ပြီး ပြောပေါ့”
“ခင်ဗျားဖုန်းကိုမှ ကျွန်တော်မသိတာ”
ဘာညာနဲ့ ရှုပ်ကုန်ရော။ ကျွန်တော်ကလည်း
ဝင်ကြပ်တယ်။
“အစ်ကို.. ခု ပေါက်စီဆီက ဖုန်းလာနေတာ
မဟုတ်လား၊ ကျွန်တော့်ကို ခေါ်ပေးဗျာ”
ဆိုပြီး ဝိုင်းရစ် ကြတာလေ။ ကျွန်တော်တို့လည်း
တစ်ခွန်းပြောလိုက် ဝိုင်းရယ်လိုက်နဲ့။ အင်း.. သနားတော့ သနားပါတယ်။ ဟိုလူခမျာ မြော့မြော့ပဲ
ကျန်ခဲ့မှာ။ သူ့စိတ်ထဲမှာလည်း စဉ်းစားနေမှာပဲ။
“ဘယ်လိုလူတွေလည်းမသိဘူး.. တော်တော်ဂွကျတာပဲ”
လို့။
သူရဿဝါ
၀၅ - မာ့ချ် - ၂၀၀၉
Image credit: Gettyimages.com
No comments:
Post a Comment