Thursday, March 05, 2009

ငါ့ရပ်ဝန်းထဲက ကောင်စုတ်မလေး

ငါ့စိတ်ကို တံခါးတွေလို ဖွင့်ထားခဲ့ပါတယ်
အနူးညံ့ဆုံးသော ငါ့ရဲ့လေပြေမလေး
အကျယ်ပြန့်ဆုံးသော ငါ့ရဲ့စကြာဝဠာမလေး
အချစ်က နင့်အပေါ်တော့ အဆုံးမရှိချင်ခဲ့ဘူးကွယ်။

နင့်ရဲ့မျက်လုံးလေးတစ်ချက် အဝင့်မှာတင်
ငါ့စိတ်ကမ်းပါးတစ်ခုလုံး တဝုန်းဝုန်းပြိုကျ
ကုမုဒြာကြာရဲ့ နေဒဏ်လေဒဏ် မခံဝံ့ပုံမျိုးနဲ့
ငါလေ နင့်အမိန့်ပေါင်းများစွာကို မတော်လှန်နိုင်ဘူး။

ငါ့ရဲ့ ကောင်စုတ်မလေး
ငါ့ရပ်ဝန်းထဲ ခပ်နွဲ့နွဲ့လာရပ်ခဲ့တဲ့ ကောင်စုတ်မလေး
ချစ်စနိုးခေါ်နေမိသော ငါ့ရဲ့ ကောင်စုတ်မလေးရယ်
ငါ့ရင်ထဲမှာ ဆောင်းတွေပွင့်ပေးပါကွယ်။

အိပ်မက်တွေကို ခင်းကျင်းထား
မျှော်လင့်ချက်ကို သိုလှောင်ထား
ချစ်တယ် ဆိုတာလည်း
ကိုယ့်ကိုယ်ကိုယ် ရူးသွပ်ပစ်လိုက်စေတဲ့ ဆေးဝါးတစ်မျိုးပဲ။
နင့်ကိုချစ်တယ် ကောင်စုတ်မလေးရယ်

တကယ်တော့ နင်ဟာ
ငါ့ရပ်ဝန်းမှာမှ ကပိုကရိုလာရပ်နေခဲ့တဲ့ ကောင်စုတ်မလေးပါကွယ်။

 

သူရဿဝါ
၀၅ - မာ့ချ် - ၂၀၀၉
Image credit: Pinterest.com

No comments:

Post a Comment