ပြီးခဲ့တဲ့ ၂၈ ရက်နေ့မှာ ကျွန်တော်တို့ Mysuboo Fanclub က သူငယ်ချင်းတွေ စုပေါင်းပြီး မြောက်ဥက္ကလာမှာရှိတဲ့ ဝေဘာဂီ ကူးစက်ဆေးရုံကို သွားရောက် လှူဒါန်းဖြစ် ခဲ့ကြပါတယ်။ ဒီအလှူပွဲလေး အတွက်လည်း ခါတိုင်းလိုပဲ Member တွေရဲ့ လှူဒါန်းငွေတွေ၊ ပြင်ပ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေ အားလုံးစုပေါင်းပြီး လှူဒါန်းဖြစ်ခဲ့ ကြတာပါ။ AIDS ရောဂါ ဝေဒနာရှင်တွေကို လှူဒါန်း ခဲ့ကြတဲ့ ဒီပွဲမှာ လူနာတစ်ဦးချင်းစီအတွက် အာဟာရ ဖြစ်စေမယ့် အစားအသောက် ပစ္စည်းတွေအပြင် ခြုံစောင်တွေ၊ Member တွေ လှူဒါန်းတဲ့ အဝတ်အထည်ဟောင်း တွေကိုပါ လူနာ အယောက် ၈၀ စာ လှူဒါန်းခဲ့ကြပါတယ်။
ကျွန်တော် တစ်ယောက်တည်းရဲ့ ခံစားချက်အရ ပြောရရင်တော့ ကျွန်တော်တို့ သွားရောက် လှူဒါန်းခဲ့တဲ့ ပွဲတွေထဲမှာ ဒီတစ်ခေါက်ဟာ စိတ်အထိခိုက်ရဆုံး၊ ရင်အနင့်ရဆုံး အခေါက်ပဲ ဖြစ်ပါတယ်။ ဆေးရုံပေါ် ရောက်လို့ လှူဒါန်းမယ့် ပစ္စည်းတွေ ပြင်ဆင် ပြီးတဲ့အခါ ကျွန်တော်တို့ အားလုံး တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ လူနာ တစ်ဦးချင်းစီကို လှူဒါန်းပြီး အားပေး စကားတွေ ပြောဖြစ် ခဲ့ကြပါတယ်။ မျက်လုံးတောင် မပွင့်တော့တဲ့ AIDS ဝေဒနာရှင်တွေ၊ ရောဂါရဲ့ နှိပ်စက်မှုကို မတွန်းလှန် နိုင်တော့တဲ့ ဝေဒနာရှင်တွေ၊ သူတို့ရဲ့ ခပ်သဲ့သဲ့ သက်ပြင်းသံတွေ ကြားမှာ ကျွန်တော် သိပ်ကို စိတ်ထိခိုက်မိ ပါတယ်။
ဒီထက်ပိုပြီး စိတ်မကောင်း ဖြစ်ရတာကတော့ ဒီဝေဒနာဆိုးကြီးကို ခံစားနေရရှာတဲ့ ကလေးငယ်တွေ အတွက်ပါပဲ။ ကလေးမလေး တစ်ယောက်ဆိုရင် ကျွန်တော်တို့တွေကို မျက်လုံးလေး ပင့်ကြည့်နေရုံအပြင် ဘာမှကို မတတ်နိုင်ရှာပါဘူး။ နောက်ထပ် တစ်ယောက်ကတော့ တော်တော်လေးကို သွက်လက်ချက်ချာပြီး သိပ်ချစ်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ လှူတဲ့ပစ္စည်း တွေထဲမှာ သူ့အတွက် ပါဝါရိန်းဂျား အရုပ်လေး တစ်ထုပ်ပါ, ပါတယ်။ အဲဒီ အရုပ်လေးတွေကို မြင်တဲ့အခါ သူလှဲနေရာကနေ ချက်ချင်း ထထိုင်ပါတယ်။ ပြီးတော့ အရုပ်ကလေးတွေကို ကိုင်တွယ် ပွတ်သပ်ပြီး ပါဝါရိန်းဂျား အရုပ်လေးတွေနဲ့ သူသိပ်ပြီး ကစားချင်ခဲ့တာ ဖြစ်တဲ့အကြောင်း၊ အဲဒီ အရုပ်လေးတွေကို သူသိပ်လိုချင်တဲ့ အကြောင်းတွေကို ပြောရှာပါတယ်။ လူကြီးတစ်ယောက် မဟုတ်တဲ့အတွက် ကျေးဇူးတင်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောပြတတ်ပေမယ့် သူ့မျက်လုံးထဲမှာ သိပ်ကို ကျေးဇူးတင်တဲ့ အရိပ်အယောင်တွေ ပေါ်လာတာကို မြင်နေရပါတယ်။ သူ့ရဲ့ ဟန်ပန် အမူအယာ တွေကိုကြည့်ပြီး အနားမှာတောင် ဆက်ရပ်မနေနိုင်တော့ဘဲ ထွက်လာခဲ့ ရတဲ့အထိ ရင်ထဲမှာ ဆို့နင့် လာပါတယ်။
နောက်ထပ် တစ်ယောက်ကတော့ ခုမှ ၂ နှစ်သားပဲ ရှိပါသေးတယ်။ ဒီကလေး အသက် ၆ လသားမှာ ဆေးစစ်ကြည့်တော့ အမေမှာသာ ရောဂါပိုးရှိတာ တွေ့ရပြီး ကလေးမှာ ရောဂါပိုး မတွေ့ ခဲ့ရကြောင်း၊ နောက် ၆ လကြာလို့ နောက်တစ်ကြိမ် စစ်ကြည့်ချိန်မှာတော့ ကလေးမှာပါ ဒီရောဂါ ရနေပြီဆိုတာ တွေ့ခဲ့ရတဲ့အကြောင်း ကြေကြေကွဲကွဲ ပြောပြရှာပါတယ်။ တကယ်တော့ ဒီကလေး တွေဟာ ဘာအပြစ်မှမရှိဘဲ ဒဏ်ခတ်ခံ ခဲ့ကြရတာပါ။ မွေးလာကတည်းက ဒီရောဂါဆိုးကြီးကို သူတို့ရဲ့ မွေးချင်းဖွားဖက်လို အပ်နှင်းခံခဲ့ ကြရပါတယ်။ တခြား သူတို့အရွယ် ကလေးတွေ ပျော်ပျော်ပါးပါး ကျောင်းတက် နေကြတဲ့ အချိန်မှာ သူတို့ကတော့ နောက်ဆုံး အသက်ရှင်ခွင့် ရမယ့်နေ့ကို ဆေးရုံပေါ်မှာ တထိတ်ထိတ် ထိုင်စောင့် နေကြရတယ်။ သိပ်ကို ကြေကွဲစရာ ကောင်းပါတယ်။ သူတို့မှာ နောင်တစ်ချိန် ဘာဖြစ်ရမယ်ဆိုတဲ့ အနာဂတ် အိပ်မက်တွေ မက်ခွင့် မရှိကြရှာဘူး။ ဘယ်လို အမှားအယွင်းမျိုးမှ မကျူးလွန်ခဲ့ရဘဲနဲ့ ဒီလောက် ဆိုးရွားတဲ့ ကံကြမ္မာကို မွေးသမိခင်ဆီက အမွေဆက်ခံ လိုက်ကြရတာပါ။ ကိုယ်သေမယ့်ရက်ကို ကြိုသိနေရတဲ့ အဖြစ်ကို ဒီလိုနုနယ်တဲ့ ကလေးတွေ မဆိုထားနဲ့၊ ရင့်ကျက် လှပါတယ်ဆိုတဲ့ လူကြီးတွေတောင် ခံနိုင်ရည် မရှိကြပါဘူး။ သူတို့ရဲ့ ပါးစပ်က တီတီတာတာ အသံလေးတွေနဲ့ ဝေစည်နေရမယ့်အစား ဆွံ့အ တိတ်ဆိတ် နေကြပါတယ်။ သူတို့ရဲ့ မျက်လုံးအစုံက မျှော်လင့်ချက်တွေနဲ့ ရည်လဲ့ နေရမယ့်အစား ညှိုးမှိန်နေ ခဲ့ကြပါတယ်။
အပေါ်ယံ တွေးကြည့်ရင်တော့ ကလေး တစ်ယောက် (ဒါမှမဟုတ်) လူသား တစ်ယောက်ရဲ့ အသက် ဆုံးရှုံးမှု တစ်ခုလောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကလေးသာ အသက်ဆက် ရှင်ခွင့်ရလို့ သူကနေ ဆင့်ပွားမယ့် သားစဉ် မြေးဆက်တစ်ခု ပြန့်ပွားလာ နိုင်တာကို တွက်ရင် ဒါဟာ Generation တစ်ခုလုံးရဲ့ ဆုံးရှုံးမှု ဖြစ်ပါလိမ့်မယ်။ ဒီသဘောပါပဲ။ သူသာ ဆက်လက် ရှင်သန်ခွင့်ရလို့ သောမတ်စ် အက်ဒီဆင်လို စွန့်ဦး တီထွင်သူ တစ်ယောက်၊ မာသာထရီဇာလို မေတ္တာရှင် တစ်ယောက်၊ အေဗရာဟမ် လင်ကွန်းလို နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့မယ် ဆိုရင်တော့ ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရတဲ့၊ နစ်နာမှုကို တိုင်းတာမရတဲ့ ခေတ်တစ်ခေတ်လုံးရဲ့ အသက် ဆုံးရှုံးမှုတစ်ခု ဖြစ်သွား ပါလိမ့်မယ်။ နောက်ဆုံး ပြောရရင် သိပ်ကို တန်ဖိုးရှိလှတဲ့ လူဖြစ်ခွင့်ကို ရခဲ့ပြီး ဘာမှ ရုန်းကန် ကြိုးစားခွင့် မရလိုက်ဘဲ ဆေးရုံက ခုတင်ပေါ်မှာတင် သေမယ့်နေ့ကို ထိုင်စောင့် နေရတဲ့ အဖြစ်က သိပ်ဝမ်းနည်းစရာ ကောင်းလှပါတယ်။
ကျွန်တော် ပြောခဲ့သလိုပါပဲ။ သွားခဲ့သမျှတွေ ထဲမှာတော့ ဒီတစ်ခေါက် သွားရတဲ့ Donation ဟာ ကျွန်တော့် အတွက် စိတ်အထိခိုက်ရဆုံး ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမဆုံး သွားခဲ့တဲ့ VCC က မိဘမဲ့ ကလေးတွေဟာ မိဘမဲ့မို့ သနားစရာကောင်းတာ မှန်ပေမယ့် သူတို့ရဲ့ ကြိုးစားမှု အပေါ်မှာ မူတည်ပြီး သူတို့ရဲ့ဘဝတွေ ပြောင်းလဲလာ နိုင်ပါတယ်။ ဒုတိယ တစ်ခေါက် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံက လူနာတွေဟာလည်း ဆေးကောင်းဝါးကောင်းတွေ သောက်သုံးနိုင်မယ် ဆိုရင် လူကောင်း ပကတိ ပြန်ဖြစ်လာ နိုင်သလို တတိယအခေါက် သွားခဲ့တဲ့ နာဂစ် လေဘေးဒဏ်ခံ ပြည်သူတွေ ဆိုရင်လည်း ကြိုးစားရှာဖွေ နိုင်မယ်ဆိုရင် ဆုံးရှုံးခဲ့သမျှ ပစ္စည်းဥစ္စာတွေ ပြန်ရနိုင် ပါသေးတယ်။ အခြားသူတွေက ရုန်းကန် လှုပ်ရှားရင်း ရှင်သန်နေ ကြချိန်မှာ သူတို့လေး တွေကတော့ ရှင်သန်ဖို့တောင် ရုန်းကန် လှုပ်ရှားခွင့် မဲ့ခဲ့ကြ ရှာပါတယ်။
ကျွန်တော်တင် မကပါဘူး၊ အဲဒီနေ့က လိုက်ပါခဲ့ ကြသူတွေ အားလုံးရဲ့ စိတ်ထဲမှာလည်း ခပ်ဟဟလေးသာ ပွင့်နေတဲ့ ညိုဖျော့ဖျော့ မျက်ဝန်းတွေ၊ သက်ပြင်းသံ ခပ်သဲ့သဲ့တွေ၊ အဲဒီလို သနားစရာ၊ ကြေကွဲစရာ ပုံရိပ်တွေကို အိမ်ပြန် ရောက်တဲ့အထိ သယ်ဆောင် လာမိကြမှာ အမှန်ပါပဲ။ ကျွန်တော် ဆို့ဆို့နင့်နင့်နဲ့ပဲ ကဗျာလေး တစ်ပုဒ် ရေးချမိပါတယ်။
ပန်းတွေမပွင့်တော့မယ့် ရာသီ
ပန်းတွေလည်းမပွင့်ကြတော့
နေထွက်ရာအရပ်မှာတင်
နေဝင်ချိန်ကို လှမ်းမြင်နေရ
ခပ်မောမောသက်ပြင်းချသံတချို့အောက်မှာ
“ရှင်သန်မှု” ကို အသံထွက်ဖတ်လို့မရဘူး။
နာရီသံတစ်ချက်ချက်က
ချောက်ကမ်းပါးဆီ တရွေ့ရွေ့တိုးနေရတဲ့ ခြေလှမ်းတွေ
စိတ်ကူးယဉ်ခွင့်များရဲ့ စိမ်းကားခြင်းခံရသူတို့အတွက်
အခက်ခဲဆုံးစိန်ခေါ်မှုနဲ့ အကြီးမားဆုံးဆုလာဘ်ဟာ
“မနက်ဖြန်” ပဲ။
သေချာခြင်းကို လှမ်းမကြည့်ရဲတဲ့ မျက်လုံးအစုံမှာ
အနာဂတ်ဆီသွားလို့မရတဲ့ ခြေလှမ်းတွေမှာ
အဆုံးသတ်တရားတွေပဲ တစ တစ
မျက်ရည်ကျနေခဲ့ရတယ်။
နေဝင်ချိန်ကိုပဲ လှမ်းမြင်နေရ
အားလုံးနဲ့အဝေးကို ခေါ်ဆောင်သွားဖို့
အနက်ရောင်ကျိန်စာပန်းတွေသာ ရစ်ဝိုင်း
ပြိုင်းပြိုင်းရိုင်းရိုင်း ပွင့်လာကြတော့တယ်။
သူရဿဝါ
၀၄ - မာ့ချ် - ၂၀၀၉
No comments:
Post a Comment