- ၁ -
ဒဏ်ရာတွေရွာချသွားတဲ့
မိုးရာသီကတော့ ပြီးခဲ့ပါပြီ
ဒါပေမဲ့ ကျွန်တော် အိမ်ပြန်မရောက်သေးဘူး မမ။
ကျွန်တော် အခုထိ လမ်းငါးဆယ်က လက်ဖက်ရည်ဆိုင်မှာထိုင်တုန်း
မိုးကောင်းမှတ်တိုင်မှာဆင်းလာတတ်တဲ့ ဖိုင်တွဲအပြာရောင်လေးကိုစောင့်တုန်း
မြေနီလမ်းလေးထဲမှာ မမရဲ့ခြေရာတွေကိုရှာနေမိတုန်း
နဂါးဖြစ်ချင်ခဲ့တဲ့ ခပ်ရူးရူးရေမြွေတစ်ကောင်ဟာ ကျွန်တော်ပါ မမ။
- ၂ -
တချို့က လွမ်းစရာရှိရင်နာစရာနဲ့ဖြေကြတယ်တဲ့
ကျွန်တော့်မှာတော့ နာစရာတွေကိုဖြေရမယ့်အလွမ်းတောင်
မိုးကြိုးမှန်ထားခဲ့တာပါ။
သေခါနီးလူတစ်ယောက်ရဲ့အတွေးကို ကျွန်တော်မသိပေမယ့်
နာတာရှည်လူမမာရဲ့ မျှော်လင့်ချက်သေနေတဲ့ မျက်လုံးမျိုးတွေကိုတော့
ကျွန်တော် ရင်းနှီးနေခဲ့ပါရဲ့
နှစ်ရှည်လများ နေကြတ်ချိန်တွေပါပဲ မမ။
- ၃ -
အမဲလိုက်ရာသီထဲက သားကောင်ငယ်ရဲ့အိပ်မက်မှာ
အသူတရာနက်တဲ့ထောင်ချောက်တွေ မပါသလို
လည်ပင်းကိုလာစွပ်မယ့် ကျော့ကွင်းမျိုးတွေလည်း မပါခဲ့ဘူး
အချိန်နှောင်းသွားတဲ့ ကြောက်လန့်တကြားအသိဟာ
မိုးသံလေသံတွေထဲမှာပဲ တဖြည်းဖြည်းဆိတ်သုဉ်းသွားတယ်
ကြာပွတ်သံတရွှမ်းရွှမ်းကို ကျွန်တော်နားစွင့်တတ်လာပြီ မမ။
- ၄ -
အတိတ်တွေတူတာတောင် အခေါ်အဝေါ်ချင်းမတူခဲ့ကြဘူး။
ကော်ဖီဆိုင်လေးထဲကနွေးထွေးမှုဟာ
ကျွန်တော် အမေ့ခံထားတဲ့ အိမ်ပြန်ချိန်ဖြစ်ပေမယ့်
မမအတွက်က ဖွင့်လို့မရသေးတဲ့ လှောင်အိမ်တံခါးဖြစ်လိမ့်မယ်
အတူလျှောက်ဖူးတဲ့ မြေနီလမ်းဟာ
ကျွန်တော့်အတွက် ခပ်မြန်မြန်ရွေ့နေတဲ့ နာရီလက်တံဖြစ်ပေမယ့်
မမအတွက်တော့ ဖိနပ်ပေါက်နေတဲ့ခရီး ဖြစ်လိမ့်မယ်
ဝေဒနာတွေကိုတောင် တယုတယသိမ်းထားခဲ့ပါတယ် မမ။
- ၅ -
ကျွန်တော်က နတ်ဆိုးတို့ရင့်ကျူးသံကိုမှ နားစွင့်မိသူ
အဲဒီတနေ့က မမ ဝတ်တဲ့ အမည်းရောင်တီရှပ်ကို မုန်းတယ်
အဲဒီတနေ့က မမ တွန်းလာတဲ့စက်ဘီးကို မုန်းတယ်
မမ ဘေးနားက ကျွန်တော်မဟုတ်တဲ့ မမရဲ့ကျွန်တော်ကို မုန်းတယ်
အဲဒီတနေ့က မမကိုလည်း မုန်းတယ်။
ကျွန်တော့်မျက်လုံးထဲမှာ အမုန်းသံတွေတဝင့်ဝင့်
ရင်ထဲမှာလည်း နင့်နေခဲ့တယ်
အဲဒီတနေ့ဟာ ကျွန်တော်မရေးရက်တဲ့ ဒိုင်ယာရီတစ်ရွက်ပါ မမ။
- ၆ -
ချန်ရစ်ကြတာချင်းတော့ အတူတူပါပဲ။
ကျွန်တော်က စက္ကူငှက်ရုပ်ကလေးတွေချန်ခဲ့သလို
တောခြောက်တဲ့ကြေကွဲမှုတချို့ မမကချန်ခဲ့
ကျွန်တော်က နောက်ဆုံးအင်္ဂါနေ့ကဗျာတွေ ချန်ခဲ့သလို
သွေးအလိမ်းလိမ်းကပ် ကျိန်စာတချို့ကို မမကချန်ခဲ့
ချန်ရစ်တာချင်းတော့ အတူတူပါ မမ
ဒါပေမဲ့ ကျွန်တော်က တစ်ယောက်တည်းကျန်ခဲ့
ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်ခဲ့
မိုးရေစက်လက်အောက်မှာ ကျန်ရစ်ခဲ့
အမဲလိုက်ရာသီထဲမှာ ကျန်ခဲ့
မမရဲ့ အမဲလိုက်ရာသီထဲမှာ ကျွန်တော်တစ်ယောက်တည်း
ကျန်ရစ်ခဲ့တယ်။
- ၇ -
အဲဒီလိုနဲ့ပဲ
.. .. .. ကျန်ခဲ့
.. .. .. .. .. .. .. .. ..
- ၈ -
ဒဏ်ရာတွေရွာချသွားတဲ့ မိုးရာသီကတော့ ပြီးခဲ့ပါပြီ မမ။
သူရဿဝါ
၀၄ - မာ့ချ် - ၂၀၀၉
Image credit: Aftcra.com
No comments:
Post a Comment