Wednesday, March 04, 2009

ကျွန်တော်နဲ့ ဂွတီးဂွကျများ (၁)

ကျွန်တော် ကြုံဖူးတဲ့ ဂွတီးဂွကျ တချို့နဲ့ အဲဒီ ဂွတီးဂွကျတွေအပေါ် ကျွန်တော် လျှောက်ပြီး တွေးမိတဲ့ ပေါက်ကရတွေကို ခေါင်းစဉ်သပ်သပ်ထားပြီး ရေးကြည့်ဖို့ စိတ်ကူးရပါတယ်။ တဝါးဝါး တဟားဟား ရယ်ရမှာ မဟုတ်ပေမယ့် ဖတ်ကြည့်ပြီး တစ်ချက်လောက် ပြုံးရတယ် ဆိုရင် ကျေနပ် ပါတယ်။

 

ကျွန်တော်နဲ့ ကဗျာထဲကကောင်မလေး

ဟိုတလောက ကျွန်တော်ရယ်၊ ဇာတိရယ်၊ ဘုန်းသန့်ခန့်ရယ်၊ သောတရယ်၊ ကိုဖြိုးနွယ်ရယ် ငါးယောက် ခါတိုင်းလိုပဲ ကဗျာစု ရေးကြပါတယ်။ အဲဒီ ကဗျာမှာ ဖြစ်ချင်တော့ သူတို့တွေက ကဗျာထဲမှာ သူတို့ ကောင်မလေးတွေ နာမည်ကို အသီးသီး ထည့်ရေး ကြတယ်လေ။ ကျွန်တော်လည်း အားကျ လာတာပေါ့။ အဲဒါနဲ့ ကောင်မလေးနာမည် ထည့်ရေးမယ် ဆိုပြီး စဉ်းစားတယ်။ မိသံစဉ်တို့၊ ဗာဂိုတို့လည်း ရိုးလို့ မရေးချင်ဘူး။ ဒါနဲ့ ကိုယ့်ကောင်မလေးကလည်း အွန်လိုင်းပေါ်မှာ ရှိတယ်။ သူ့ကိုမေးပြီး အဆင်ပြေတာ တစ်ခုခု ထည့်မယ်ပေါ့။ ဒါနဲ့ လှမ်းပြော လိုက်တယ်။

 

“မေ.. မောင့်ကိုပြောစမ်း၊ မေက ဘာဇာတာဖွားလဲ”
လို့ ဆိုတော့ သူကပြန်မေးတယ်။

 

“မောင်က ဘာလုပ်မလို့လဲ”
        တဲ့။ အဲဒါနဲ့ သူ့ကို ရှင်းပြရတယ်။ ဟိုကောင်တွေက သူတို့ ကဗျာတွေထဲ ကောင်မလေးတွေ နာမည် ထည့်ရေးကုန် ကြပြီလို့။ အဲဒါ မောင်လည်း ထည့်ရေးမလို့ မေးတာလို့ ပြောပြ လိုက်တယ်။ သူကလည်း “ဒါဆို ပြောပြမယ်” တဲ့။ ကျွန်တော်လည်း သူ့ဆီက စာပြန်တက် မလာခင် စိတ်ကူးကြည့် နေတာပေါ့။ အင်း.. ရာဇဖွားဆိုရင် ကဗျာထဲမှာ “ငါ့ရဲ့ ရာဇဖွားလေးရေ..” လို့ ထည့်ရေးမယ်။ သိုက်ဖွားဆိုရင် “ငါ့ရဲ့ သိုက်ဖွားလေးရေ” လို့ ထည့်ရေးမယ်ပေါ့။ စဉ်းစား နေရင်းနဲ့ သူ့ဆီက ပြန်ဖြေတဲ့စာ တက်လာတယ်။

ဘယ်လိုမှ မမျှော်လင့်ထားတာကြီးဗျာ။ တကယ့်ကို ဂွတီးဂွကျပါပဲ။ ကဗျာထဲ အဲဒီနာမည် ထည့်ရေး လို့ကတော့ ဝိုင်းအဟားခံ ရလိမ့်မယ်။ ဘာထင်လို့လဲ၊ “အထွန်းဖွား” တဲ့ဗျာ.. အထွန်းဖွားတဲ့။ နောက်နေ့တွေအထိ စိတ်ကူးထဲမှာ “ငါ့ရဲ့ အထွန်းဖွားလေးရေ” လို့ ခေါ်ကြည့်မိတိုင်း ကြက်သီးတောင် ထတယ်.. တကယ်။

 

သူရဿဝါ
၀၄ - မာ့ချ် - ၂၀၀၉

Image credit: Gettyimages.com

No comments:

Post a Comment