Thursday, March 05, 2009

ဖွဲတစ်မှုန်ရဲ့ ရုပ်ကြမ်းပုံရိပ်

ငါက ချယ်ရီသားတုတ်ကောက်ကလေးတွေရဲ့ ကျန်းမာရေးရာသီမှာ မွေးဖွားလာတဲ့ကောင်ဖြစ်တယ်။ မာယာတွေ တထွေးကြီးမသုံးတတ်သေးတဲ့ “တဝဲဝဲ” ငိုသံဟာ တနင်္ဂနွေဆိုသော ပညတ်ထားတဲ့ ကာလတစ်ပါးထဲမှာ။ အဲဒီတုန်းကတော့ အလိုကျခြင်း၊ မကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဆာလောင်ခြင်း တို့ကို တစ်မျိုးတည်းသော ဘာသာဗေဒနဲ့သာ ပြဌာန်းတတ်ခဲ့တယ်။ မသိမှုတွေကိုတောင် မသိတော့တဲ့ အချိန်မှာပဲ ငယ်မျက်လုံးတွေကန်းခဲ့။ ဖွင့်ထားတာတောင် မမြင်တတ်ခဲ့တဲ့ မျက်လုံးတွေက မှိတ်ထားတာတောင် မြင်တတ်လာတယ်။ အဲဒါကိုက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတို့ စတင်ရင့်ရော်အိုမင်းရာ။ ကလေးငယ်ရဲ့ ပင်ပင်ပန်းပန်း အတွေးဟာ ခဏခဏ လွယ်နေရတဲ့ ကျောပိုးအိတ်ပဲ အစရှိ အစရှိ ဟန်ဆောင်တတ်လာခြင်းတွေနဲ့အတူ။ အဲဒီတုန်းကတော့ အောင်စာရင်း စာရွက်ပေါ်က ငါ့နာမည်ဟာ အလုံးစုံကျက်မှတ်နိုင်ခြင်းလို့ပဲ သိခဲ့ပါရဲ့။ ကျားမကြီးခင် ခြေရာလည်းမကြီးသေးဘူး။ အစဉ်လိုက် ကိန်းဂဏန်းတွေက ငါ့မျက်နှာကို ခွဲစိတ်ပြုပြင်တာလား၊ နွေ မိုး ဆောင်းတွေက ငါ့အရပ်ကို ဆွဲဆန့်သွားတာလား၊ ကျောင်းပိတ်ရက်တွေက ငါ့ကိုပုဆိုးချက်ပြုတ် ဝတ်တတ်လာစေသလား  သေချာမသိပေမယ့် အတန်းဖော်လေးရဲ့ ပါးကွက်ကြားကို မြင်နေရချိန်ဟာ ကျောင်းဆင်း ခေါင်းလောင်းသံကို ကြောက်တတ်လာတဲ့စိတ် ဆိုတာတော့ သိလာတယ်။ တိုက်ကြီးများမြေပုံ မဆွဲတတ်သေး။ နွေရဲ့အဦးအစ တစ်ခုမှာပဲ နှလုံးခုန်တာဟာ ဘယ်ဖက် ဖြစ်ကြောင်းသိလာ၊ ခဏခဏမက်ချင်တဲ့ အိပ်မက်တွေများလာ၊ ရောခ့်ဂီတဟာ လူထုရင်ခုန်သံ ဖြစ်ကြောင်းသိလာ၊ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုဟာ အချိုးအစားတကျ ကောက်ကြောင်းလေးများရဲ့ ရုံးသွား ရုံးပြန်ချိန်ဖြစ်ကြောင်း သိလာ၊ တက္ကသိုလ်ရနံ့တွေအကြောင်း သိလာ၊ ဒီနှစ်ဟာ ရာသီနံပါတ် ၁၆ မှန်းသိလာ၊ ဒီလိုနဲ့ ကန်တီးန်မှာ သစ္စာနီကို၊ ဇော်ဇော်အောင်ကို၊ တာရာမင်းဝေကို လက်ဖက်ရည်လို တစိမ့်စိမ့်ထိုင်သောက်တယ်။ ပရက်တီကယ်လ်ခန်းထဲမှာ ခေါင်းစဉ်မတပ်ရဲတဲ့ ကဗျာတွေကို (ဆရာမ မသိအောင်) ဆေးပေါ့လိပ်လို ဖွာတယ်။ ကွန်ဗိုကေးရှင်း အနားမှာ ခဏခဏဆုတ်ဖြဲခံနေရတဲ့ ရင်ခုန်သံတချို့ရှိတယ်။ ကဗျာစာအုပ်ထဲက ကလောင်အမည်ကို ကျောင်းသားရေးရာ မော်ကွန်းစာရွက်မှာ မင်နီနဲ့ (ခပ်တည်တည်) ချရေးခဲ့ဖူးတယ်။ အဆိုးဆုံးက ခြောက်သွေ့လွန်းတဲ့ လမ်းထဲမှာ မဖြစ်နိုင်ခြင်းဆီ မျှော်ကြည့်ရင်း ရင်ခုန်သံတချို့ ကျကွဲတယ်။ အဲဒီလိုနဲ့ နှစ်ဆယ့်တစ်နှစ်စာ မရေးတတ်ခဲ့တဲ့ ကဗျာတွေ၊ ဟာခနဲ တသသ လွမ်းမိတဲ့ ပြောနေကျ ဟာသတွေ (ဟာသမဟုတ်တဲ့ ဟာသတွေ)၊ ခပ်ပြုံးပြုံး သုံးတတ်လာတဲ့ ရေလဲချစ်ခြင်းတရားတွေနဲ့ ဖွဲတစ်စရဲ့ တဖွဲဖွဲ၊ ခပ်ဖွဲဖွဲ အော်တိုဆက်ဂျက်ရှင်းတွေ။ တကယ်တော့ (ကဗျာ တစ်ပုဒ်လုံးအတွက်) တစ်ကြောင်းစာပဲ လိုအပ်ပါတယ်။ နေရောင် ကြယ်ရောင်အောက်မှာ နောက်ပြန်ကြည့်ရင်း ရှေ့ခရီးကိုသာ ခပ်ရူးရူးသွားနေခဲ့တဲ့ အန္ဓခရီးသည်ဟာ ငါပါပဲ။

 

သူရဿဝါ
၁၁ - အောက်တိုဘာ - ၂၀၀၈


No comments:

Post a Comment