Thursday, March 05, 2009

ရိုးရိုးကြီးဆိုးလ်ကေလာ

စိတ်ထား ကောင်းတဲ့သူတွေ တိုင်ပတ်တယ်ဆိုတာ တော်တော်မှန်တယ်။ ခုလည်း သိပ်ပြီး စိတ်ကောင်းရှိတဲ့ ဆိုးလ်ကေလာကြီး အမှုတွဲ တစ်ခုထဲမှာ တိုင်ပတ်နေတယ်။ သူက စိတ်ကောင်းလည်းရှိ၊ အနေအထိုင်ကလည်း မတတ်တော့ အခု မီးလောင်မှု တစ်ခုထဲမှာ သက်သေ လာဖြစ်နေရှာတယ်။ ဖြစ်ပုံက သူ့ဘေးနားက အိမ်တစ်အိမ် မီးလောင်တာကနေ စတာပေါ့။ သူက မျက်မြင်သက်သေ အဖြစ်နဲ့ ရုံးတော်ကို ရောက်လာတာလေ။ တရားသူကြီးက သူ့ကိုမေးတယ်။

 

“ခုလို ရုံးတော်ကိုလာပြီး သက်သေထွက် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကဲ.. ကျွန်တော့်ကို ပြောပါဦး။ မီးလောင်တဲ့ ညက ဘယ်လိုမြင်ခဲ့တာလဲ။ မီးစလောင်ပုံလေးကို”

“ဟုတ်ကဲ့.. ညဘက် တရေးနိုးတော့ ကျွန်တော့်မိန်းမ ခင်စန္ဒာ ကလျာဒေးဗစ်ရဲ့ ဂါဝန်ကို လှန်တင်လိုက်တယ်”

“သတိပြုပေးပါ၊ ရုံးတော်ကို အမှုနဲ့ သက်ဆိုင်တာပဲ ပြောပါ၊ ကိုယ်ရေးကိုယ်တာတွေ ပါစရာ မလိုပါဘူး၊ ပြန်ပြောပါ”

“ဟုတ်ကဲ့.. ကျွန်တော် အိပ်ရာကနေ ညဘက် တရေးနိုးလာတော့ ကျွန်တော့်မိန်းမ ခင်စန္ဒာ ကလျာဒေးဗစ်ရဲ့ ဂါဝန်ကို မ,ပြီး ကြည့်လိုက်တယ်”

“ဟေ့လူ.. ခင်ဗျားကို ရုံးတော်က သတိပေး ထားတယ်နော်၊ အမှုနဲ့ မဆိုင်တဲ့ ကိစ္စတွေ မပြော ပါနဲ့လို့၊ နောက်တစ်ခါ ထပ်ပြောရင် ရုံးတော်ကို မထေမဲ့မြင် လုပ်မှုနဲ့ ဒဏ်ပေးရလိမ့်မယ်၊ အမှုနဲ့ ဆိုင်တာကိုပဲ ပြောပါ”

“ဟုတ်ကဲ့.. ပြန်ပြောပါ့မယ်၊ ကျွန်တော် တရေးနိုးလာတော့ ကျွန်တော့်မိန်းမ ခင်စန္ဒာ ကလျာဒေးဗစ်ရဲ့ ဂါဝန်ကို.. ..”
           တရားသူကြီးလည်း ဆိုးလ်ကေလာကို တော်တော်စိတ်တိုသွားတယ်။

 

“ဟေ့.. ဒီလူ့ကို ရုံးတော်အား မထေမဲ့မြင် လုပ်မှုနဲ့ ကြိမ်ဒဏ် အချက်တစ်ရာ ပေးလိုက်”
        
အဲလိုနဲ့ ဆိုးလ်ကေလာကြီး ဘာမှတောင် ပြန်ပြောချိန် မရလိုက်ဘူး။ ကြိမ်ဒဏ် အချက် တစ်ရာ ဘေတာကို ခံလိုက် ရတာပေါ့။ ပြီးတော့မှ စုတ်လေးသပ် ကျောလေးသပ်ပြီး ထွက်လာတယ်။ ပြီးတော့ ညှောင်နာနာ အသံလေးနဲ့ တရားသူကြီးကို လှမ်းပြောရှာတယ်။

 

“အိပ်ယာဘေးက ပြတင်းပေါက် ခန်းစီးစကို ကျွန်တော့်မိန်းမ ဂါဝန်နဲ့ ချုပ်ထားတာ ကျွန်တော့် အပြစ်လားဗျာ”
          တဲ့။ ကဲ.. မပြောဘူးလား၊ ဆိုးလ်ကေလာကြီးက ရိုးပါတယ်ဆို။

မှတ်ချက် - ဆရာ မောင်ကောင်းထိုက် (နှီးပဒေါ) ၏ ဘာသာပြန်ဟာသ တစ်ပုဒ်အား မှီငြမ်းဆန်းသစ် ရေးသားပါသည်။

 

သူရဿဝါ
၀၅ - မာ့ချ် - ၂၀၀၉
Image credit: Dailymoss.com

No comments:

Post a Comment