Thursday, March 12, 2009

ညီမလေး ဖွင့်ထွက်သွားတဲ့လှောင်အိမ်

ကိုယ့်အနားမှာတော့
လွတ်လပ်သော လေဟာနယ်နဲ့
မလွတ်လပ်သော ကိုယ်ကိုယ်တိုင်ပဲကျန်ရစ်
ညီမလေး လှောင်အိမ်တံခါးကို ဖွင့်ထွက်သွားခဲ့ပြီ။

မင်းမရှိတော့ဘူးဆိုတဲ့ အသိနဲ့တင်မွန်းကြပ်
ဝေးကွာခြင်းအစွန်းမှာ ရပ်လိုက်တယ်
ရှုခင်းတွေ လှလိုက်တာညီမလေးရယ်
လှောင်အိမ်ရဲ့အပြင်ဖက်မှာ အဲဒီ ရှုခင်းတွေလှလိုက်တာ။

တစ်ယောက်အရိပ် တစ်ယောက်စောင့်ရှောက်ကြ
တစ်ယောက်ရင်ငွေ့ တစ်ယောက်တိုင်တည်ကြ
ဒီလောက် ချည်နှောင်ခဲ့ကြပြီးမှကွယ်။

ညီမလေးကလွဲရင်
ညီမလေးနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုလည်း မုန်းတယ်
အဲဒီအချိန်တွေကို
လှောင်အိမ်ထဲက လှမ်း, လှမ်းခေါ်နေရတာ မုန်းတယ်။

ညနေနဲ့အတူ နေဝင်ဖျိုးဖျ အမှောင်ကျသူ
ညနေနဲ့အတူ ဒဏ်ရာတွေသိမ်းထုပ် မိုးစုန်းစုပ်ချုပ်ခဲ့ရသူ
ညနေနဲ့အတူ နောင်တကိုနောက်တစ်ရက်ထဲ ထည့်ပေးလိုက်ရသူ
ကိုယ့်ကို ညနေတွေကတော့ ချစ်ပါလိမ့်မယ်။

ညီမလေးရေ
ပုံပြင်လိုစပြီး ကိုယ်တို့ ပုံပြင်လိုပဲဆုံးခဲ့ရ
လှောင်အိမ်အပြင်ကိုမကြည့်တော့ဘူး
ညီမလေးကျောခိုင်းသွားတာကို မသိတော့ဘူး
လှောင်အိမ်ထဲမှာ လွတ်လပ်သွားတဲ့ကောင်က
ပြီးခဲ့သောပုံပြင်ကိုပဲ တဖွဖွ
“တစ်ခါတုန်းက.. တစ်ခါတုန်းက” လို့ ပြန်စနေခဲ့တယ်။

 

သူရဿဝါ
၁၂ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment