ဒီကောင်လေးကို
ကဗျာတွေထဲ ဘယ်သူတွန်းချလိုက်သလဲ။
လှိုင်းတွေလိုပါပဲ
ငြိမ်သက်ရင်း ကူးခတ်ရင်း
လူးချည်လွန့်ချည်နေရင်း
တနေဝင် တနေထွက်နဲ့
ပင်လယ်နံပါတ် ဆယ့်ကိုးကို ပျိုးယူလိုက်တယ်။
သူ့မျက်လုံးထဲမှာ တက်ကြွမှုတချို့
သူ့အတွေးထဲမှာ အရေခွံလဲချင်လာတဲ့ နုနယ်မှုတချို့
သူ့စကားထဲမှာ အနုစိတ်ထားတဲ့ စူးစမ်းမှုတချို့
အံ့သြစရာတော့ကောင်းပါလိမ့်မယ်
ကျွန်တော်က သူ့ကိုယ်ထဲ ဝင်ပူးကပ်ပြီးကြည့်တာ
အထူးအဆန်းတချို့ကို တွေ့တယ်။
သူလိုကိုယ်လိုခရီးပါပဲ
ခရီးဆောင်အိတ်မပါဘူး၊ ရေဘူးမပါဘူး၊
သူလိုကိုယ်လိုခရီးတစ်ခုထွက်လာတယ်
အချစ်ရှိတယ်
အမုန်းရှိတယ်
ကောလဟာလရှိတယ်
ပျင်းပျင်းရိရိရှိတယ်
လက်ဖက်ရည်ချိန်ရှိတယ်
သူလိုကိုယ်လိုခရီးဆိုတော့
တစ်ခါတလေ သွားရင်းလာရင်း ဖိနပ်ပေါက်တယ်။
အသက်ရှူသံကို ပြတင်းတစ်ချပ်လိုဟင်းလင်းဖွင့်ထားတဲ့
ခေတ်ကို ကိုယ်စားပြုချင်သော လူငယ်တစ်ဦး
မိုးနဲ့မြေကြား နိုးကြားလာတယ်
ငါ့ညီရေ
ဒုက္ခကိုလက်ယပ်ခေါ်ပြီးမှ
ပန်းနဲ့ပေါက်ပစ်တတ်တဲ့ သူရဲကောင်းတွေအကြောင်း
ရွေးဖတ်ကြည့်ပါ
ဒုက္ခတွေကို ပန်းနဲ့ပေါက်ပစ်လိုက်ပါ။
အခု ကဗျာတွေထဲတွန်းချခံလိုက်ရတဲ့
ဆယ့်ကိုးနှစ်သားကောင်လေးက
သူလိုကိုယ်လိုခရီးတွေထဲမှာ
ကဗျာတွေထဲမှာ
သူရဲကောင်းပုံပြင်တွေထဲမှာ
ဒီထက်ပို.. ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာ။
(ကဗျာရေးဖော်ညီလေး “သောတ” ရဲ့ ၁၉ နှစ်ပြည့် အမှတ်တရ ရေးပေးဖြစ်ခဲ့တဲ့ကဗျာပါ)
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment