Sunday, February 22, 2009

ထုတ်ပစ်လို့မရသေးတဲ့ ဒဏ်ရာအဟောင်း


 

 

 

 

 

 

 

 

 

 

 

 

 

 

ငါက ဒဏ်ရာတွေနဲ့ပဲ မျက်နှာသစ်လာရတဲ့ကောင်
မမျှော်လင့်ခဲ့တဲ့ နာကျင်မှုတွေရော
မျှော်လင့်ထားပြီးသား နာကျင်မှုတွေရော
အိမ်ရှေ့က အုတ်ခုံလေးပေါ် တင်ပြီးငေး
ညနေစောင်းသွားတာတောင်
ငါနဲ့ ငါ့အလွမ်းက နေလိုမီးလိုပူတုန်း။

တစ်ခါတလေ ကဗျာရေးရတာ အားနာတယ်
လွမ်းတဲ့အကြောင်း
လွမ်းတဲ့အကြောင်း
စကားလုံးတွေလည်း ထပ်လာတယ်
ကဗျာတွေလည်း ထပ်လာတယ်
လွမ်းနေရတဲ့ကောင်သာ
တစ်နေ့ တမျိုး မထပ်အောင် လွမ်းခဲ့။

တွေးခဲ့ဖူးပါတယ်။
ငါ့ရှင်သန်ခြင်းဟ
ငါ့မျက်စိထဲ ဖုံးနေတဲ့အလွမ်းကို
မဖယ်ရှားနိုင်သေးတဲ့အကြောင်း
တဖြည်းဖြည်းနဲ့
ငါက ပတ်စာပျောက်နေတဲ့ ဗုံတစ်လုံးနဲ့ပဲ ပို.. ပိုတူလာရဲ့။

တကယ်တော့ ငါက
ပစ်ကွင်းမှားပြီးအလိုက်ခံရတဲ့
တံလျှပ်တွေကြားက ခပ်နုံနုံရွှေသမင်တစ်ကောင်။

 

သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

1 comment:

  1. သီချင်းလေးတောင် ဖြစ်သွားနိုင်တယ် .. ၀ါဝါမရဲ့ :D

    ReplyDelete