Monday, February 23, 2009

ခုတလော ကြယ်တွေ ခဏခဏကြွေတယ်


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
ကျွန်တော်ဟာ ခင်ဗျားမျက်ဝန်းတွေက စွန့်ပစ်လိုက်တဲ့
ဘေးထွက်ပစ္စည်းတစ်မျိုးပါ။
အဲဒီလို ခပ်ရိုင်းရိုင်းအကြည့်တွေထဲ
အငုံ့စိတ်တပွေ့တပိုက်နဲ့ ကျွန်တော် နာလန်မထူနိုင်ဘူး။

အခုတလော ကြယ်တွေ ခဏခဏကြွေတယ်။
မရယ်လိုက်ပါနဲ့လား မမရယ်
ကျွန်တော်က ခင်ဗျားလှောင်ရယ်သံတွေကိုတောင်
ကောက်ရိုးတစ်မျှင်လို တယုတယခိုတွဲ
ဝေးရတော့မယ့်နေ့ မတိုင်ခင်အထိ ဆွဲဆန့်ထားချင်ခဲ့တာပါ။

ကြယ်တွေကလည်း ကြွေလွန်းလှ။
ကျွန်တော် ခပ်စောစောကတည်းက
မမရဲ့စိတ်ကူးတွေနောက် လိုက်ကြည့်သင့်ခဲ့ပါရဲ့။
ကျွန်တော် ဂစ်တာတီးပြရင် ခပ်ပြုံးပြုံးနားထောင်နေတတ်တိုင်း
ကျွန်တော် ဂျစ်ကန်ကန်နေရင် ခေါင်းပုတ်နှစ်သိမ့်တတ်တိုင်း
ဘယ်မိုးကောင်းကင်မှ ပြိုမကျနိုင်ဘူးလို့
ခပ်ရူးရူးယုံကြည်ခဲ့ဖူးတဲ့ကောင်ပါ။

မမရဲ့ခေါင်းတစ်ချက် ဆတ်လိုက်တာနဲ့
ကျွန်တော့်ရဲ့စိတ်ဟာ သေးနုံ့နုနယ်သွား
ခင်ဗျားအတွက် ကျွန်တော်က
ရီမုကွန်ထရိုးလ်မလိုတဲ့ စက်ရုပ်ဖြစ်ခဲ့တာလား
တဆိတ်လောက်ပြောခဲ့ပေးပါ မမ။

ခုတလောလေ ကြယ်တွေကလည်း ကြွေနိုင်လွန်းလှ
မမရယ်.. ဘာလို့များ..
ခုတလော ကြယ်တွေ ခဏခဏကြွေကျ
ကျွန်တော်က “မမ ပြန်လာမယ်” ဆိုတဲ့အထိ
ကြယ်တွေ ကြွေ.. ကြွေကျ..
မမရဲ့ အိပ်မက်တွေထဲမှာ ကျွန်တော်က..
ခုတလော.. ခဏခဏ ကြယ်တွေကြွေခဲ့ကြ
မမ ဆုံးဖြတ်ချက်ဟာ
မမ လွှဲဖယ်ပစ်လိုက်တဲ့ ကျွန်တော်နဲ့ဆန့်ကျင်ဘက်အရပ်ပဲ

ခဏခဏ ကျွန်တော်နဲ့ ကြယ်တွေ
ခုတလော ကြွေတယ်။


သူရဿဝါ
၂၃ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

No comments:

Post a Comment