ဘယ်လောက်မှ မကြာလိုက်ဘူး
အလွန်ဆုံး သုံးစက္ကန့်
အဲဒီ ခဏလေးထဲမှာတင်
ကောင်းကင်အထပ်ထပ် ဖွားမြင်လိုက်တယ်။
ရနံ့ပေါင်းစုံ ပန်းပေါင်းစုံ ပွင့်ပစ်လိုက်တယ်။
အဲဒီ ခဏလေးကိုပဲ
ကိုယ့်နှလုံးသားက အကြာကြီးသိမ်းဆည်းနေမိရဲ့။
“မင်းကို ကိုယ်ချစ်တယ်”
ကဗျာဆရာများ ဖွဲ့ဆိုနိုင်တာထက်
အဆပေါင်းမြောက်မြားစွာ
မင်းကို ကိုယ်ချစ်တယ်။
တိမ်တိုက်ထဲက ထွက်လာပါ
ပန်းရုံလေးထဲက ထွက်လာပါ
ဒိုင်ယာရီစာအုပ်ထဲက ထွက်လာပါ
အဲဒီခဏလေးအတွက် ကောင်းချီးပေးချင်လို့
ရောက်ရာအရပ်က ကိုယ့်ဆီလာပါ။
အဲဒီခဏလေးဟာ
ယုံတမ်းစကားတစ်ခု
ပုံပြင်တစ်ပုဒ်ဆိုရင်တောင်
“ဟိုးရှေးရှေးတုန်းက” အစ
ဘဝပေါင်းများစွာ နားထောင်ချင်တယ်။
ကိုယ့်ကို မင်းလည်းချစ်နေပါရဲ့။
အဲဒီ အသိလေးကိုပဲ
တံခါးတစ်ချပ်လို အမြဲတမ်းဖွင့်လှစ်
ချစ်တတ်တယ်ဆိုတဲ့လူအားလုံးကို
အဲဒီခဏမှာ
သောကြာတနေ့လိုပဲ ပျင်းရိပစ်လိုက်တယ်။
ပျင်းတယ်
ပုံပြင်တစ်ပုဒ်ဆိုရင်တောင်
ရောက်ရာအရပ်က လာပါ
မင်းလည်း ကိုယ့်ကိုချစ်နေပါရဲ့
ကိုယ်လည်းမင်းကို
ကဗျာဆရာများဖွဲ့ဆိုနိုင်တာထက် အဆပေါင်းများစွာ
အဆပေါင်းများစွာ အဆပေါင်းများစွာ
တကယ်ပါပဲ။
ဒါတွေ အားလုံးအတွက်
ဘယ်လောက်မှ မကြာလိုက်ဘူး။
သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image Credit: Gettyimages.com
No comments:
Post a Comment