Thursday, February 26, 2009

အိပ်လို့မရတဲ့ ကဗျာ


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


တိတ်ဆိတ်
ကားသံ လူသံ မြို့ပြအသက်ရှူသံတွေ တိတ်ဆိတ်
ကိုယ်ကတော့ အိပ်လို့မရဘူး မေ။
လွမ်းတဲ့စိတ်နဲ့ ကိုယ့်ကဗျာ
တစ်လွှာချင်းပျော်ဝင်လာတဲ့အချိန်။

ကိုယ်က တစ်ယောက်တည်းပါမေ
ဒါပေမဲ့ အတွေးကတော့ တိမ်တွေလိုမျော
အတောမသတ်နိုင်ဘူး။

အလွတ်ရနေသောဓာတ်ပုံလေးကိုပဲ
ထပ်ခါထပ်ခါကြည့်
သတိတရတွေ တောင်ကျရေလိုစီးတယ်
သီးသန့်ရှုခင်း။

မေ့အသံ မကြားလိုက်ရ
ဆေးမှန်မှန်သောက်ဖို့ မပြောလိုက်ရ
နွေးနွေးထွေးထွေးနေဖို့ မပြောလိုက်ရ
“မောင့်ကိုသတိရပါ.. မေ” လို့ မပြောလိုက်ရ
ဒီည ကိုယ်အိပ်မရတာ ဆန်းသလား မေ။

ဝေး.. ဝေး..
မလိုချင်တဲ့စကားလုံးကိုပဲဖယ်ရှား
တွေးမထားချင်လို့ မရဘူးလားကွယ်။
ဝေးနေရတုန်းပဲ မေ။

အခု..
ရေးပြီးသွားတဲ့ကဗျာလေးလည်း တိတ်ဆိတ်
မမက်လိုက်ရတဲ့ အိပ်မက်တွေလည်း တိတ်ဆိတ်
မှိတ်ပစ်လိုက်တဲ့ မီးလုံးလေးလည်း တိတ်ဆိတ်
ခက်တာက
ကိုယ် အိပ်လို့မရနိုင်သေးဘူး မေ။

 

သူရဿဝါ
၂၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment