Thursday, February 26, 2009

မိုးတွေရွာခဲ့တယ် မိသံစဉ်


 

 

 

 

 

 

 

 

 

 

ညနေက မိုးတွေရွာခဲ့တယ်ပေါ့ မိသံစဉ်။
နင်က ငါ့အနားမှာ နွေးထွေးနေပေမယ့်
ငါ့ရင်ကိုတော့ ရာသီဥတုတစ်ခုက စိုက်ပျိုး
“နင်” ဆိုတဲ့မိုးတွေ ခပ်တိုးတိုးရွာနေခဲ့တာ
အမှန်ပြောရမယ်ဆို ငါ ရင်ခုန်နေခဲ့ပါတယ် မိသံစဉ်။

ငါ့မှာ တစ်ခါမှမမက်ဖူးသလို အိပ်မက်မျိုးနဲ့
ဒါမှမဟုတ် အခုမှ ခေတ်အသစ်တစ်ခုထဲ မွေးဖွားလာရသလိုပုံစံမျိုးနဲ့
အသက်ရှူသံတွေပါ ဆန်းပြား
ငါကိုယ်တိုင် ခမ်းနားနေခဲ့ပါရဲ့ မိသံစဉ်။

နင်က ရယ်သံတွေလင်းပြာနေတဲ့ မာကျူရီမလေး၊
ငါ့ဘဝကို အချိန်မရွေးပြောင်းပစ်နိုင်တဲ့ စုန်းပျိုမလေး၊
နဂါးခေါင်းတွေ ဘယ်မှမရွေ့တဲ့ ငါ့ရဲ့ပြက္ခဒိန်အသစ်ကလေး၊
အခု ငါ့စိတ်ထဲမှာ အဲဒီလိုပဲဖြစ်နေခဲ့တယ် မိသံစဉ်။

ခါတိုင်းညတွေဆို ငါက ကဗျာရေးတယ်
ဒီညကျတော့ ကဗျာတွေက ငါ့ကိုပြန်ရေးကြတယ်။
ဒါကိုပဲ သံသရာလည်ခြင်းလို့ သတ်မှတ်ရင်တောင်
“နှစ်ရှည်လများလည်ပါစေသား” ဆုကို
ငါက တမ်းတမ်းမက်မက် တောင်းယူထားမယ့်ကောင်ပါ မိသံစဉ်။

နင်က ဧကရီတစ်ပါးဖြစ်တယ်.. ဆိုကြပါစို့ရဲ့။
ငါက နင့်လက်ကိုဆွဲကိုင် နင့်ဘေးနားတွဲထိုင်နိုင်တဲ့ ဧကရာဇ်မင်းမဖြစ်ချင်ဘူး
နင်ခေါ်မှထူး နင့်ကိုမော်ဖူးခွင့်ရတဲ့ သုံ့ပန်းတစ်ယောက်လောက်ပဲဖြစ်ချင်ပါတယ် မိသံစဉ်။
ငါဆိုတဲ့ကောင်က အဲဒီလို
ထိလွယ်ရှလွယ် စိတ်ဓာတ်ခပ်သွယ်သွယ် ကဗျာဆရာတစ်ယောက်ဖြစ်ရဲ့။
ငါ့ခြေလှမ်းတွေကလည်း နင့်ဆီကိုပဲမလွှဲတမ်းဦးတည်နေတတ်တော့
အချစ်မှာမျက်စိမရှိ ဆိုတဲ့စကားကို ငါလက်မခံချင်ပြန်ဘူး
နင်ကငါ့ရဲ့ လမ်းညွှန်စာအုပ်ပါ မိသံစဉ်။

ငါ့စိတ်ကူးက တခါတခါ သူရဲကောင်းဆန်ဆန်ဟန်ပန်မျိုးနဲ့
တစ်ခါတစ်ခါကျပြန်တော့ မိုးပြိုတာကိုမြင်လိုက်ရသူတစ်ယောက်ရဲ့ ကြောက်လန့်ပုံမျိုးနဲ့
ဒါပေမဲ့ နင့်ကိုငါချစ်တယ် မိသံစဉ်။
နင်ဟာ ငါယုံကြည်ကိုးကွယ်မိတဲ့ ရိုးရာဓလေ့လေးတစ်ခု ဖြစ်တဲ့အကြောင်း
နင်ဟာ ငါခေါင်းစဉ်တပ်မရတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့အကြောင်း
နင်ဟာငါ့ရဲ့ မီးလင်းဖိုလေးဖြစ်တဲ့အကြောင်း

နင်ဟာ ငါ့ရဲ့.. အဲဒီလို
အဆုံးမသတ်နိုင်တဲ့ နင့်ရဲ့နာမပေါင်းများစွာကို
ချစ်တဲ့စကားနဲ့အတူ ပြောပြနေချင်ပါတယ် မိသံစဉ်။
တကယ့်ကိုပါပဲ.. ညနေက ငါ့ရင်ထဲမှာ
နင်ဆိုတဲ့မိုးက ခပ်တိုးတိုးလေးရွာချသွားခဲ့တယ် မိသံစဉ်။

 

သူရဿဝါ
၂၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

No comments:

Post a Comment