Thursday, February 26, 2009

ဝတ်မှုန်ပျိုးတဲ့နေ့


ဒီနေ့ကျမှ ရင်ဝှက်တေးတွေ ပွင့်လာမှန်းသိရ
ဘဝမှာ နင့်မျက်နှာလေးကိုပဲ စွင့်စွင့်ဝင့်ဝင့်ငေးမိဦးမယ်ပေါ့။
တိမ်ဖြူအုပ်တို့အလယ် ကိုယ့်လမင်းလေး ရှင်းဖန့်နေပါစေကွယ်။
ကိုယ်ကတော့ အဲဒီမျှော်လင့်ချက်ကလေးကိုပဲတွေး
ဝေးရရင်တောင် ချစ်မိတယ်ဆိုတဲ့စိတ်လေးတစ်ခုနဲ့
တန်တယ်။

ဒေဝတာတို့ပျိုးတဲ့ပန်းလို စိုစိုယိမ်းယိမ်း
ဒီနေ့တစ်နေ့ကို ကိုယ်ပိုင်သမျှတွေထဲ သိမ်းထားမိပြန်ရဲ့။
ဘယ်လို စိတ္တဇနာမ်တစ်မျိုးပါလိမ့်ကွယ်
အတွေးကို မြင်နေရ
ထိတွေ့နေ
ဒါဟာ စိတ်နဲ့စေပါးသော တန်ခိုးတစ်မျိုးမျိုးဖြစ်လိမ့်မယ်။

ချစ်မိသွားသော နေ့ကောင်းရက်သာကောင်မလေး
ကိုယ့်အပေါ် ပျိုမြစ်ပေးပါ။
ကိုယ့်အပေါ် ယိမ်းနွဲ့မှီခိုပါ။
ကိုယ့်အပေါ် တမ်းတမျှော်ရည်ပါ။

စီရရီပွင့်လာတဲ့ ရင်ဝှက်တေးတို့ နားခိုမှီထောက်ရာ
ပျိုးစိုက်မိသော ဝတ်မှုန်ဝတ်ဆံနေ့လေးက
လူပြောသူပြောသိပ်မများတာကလွဲရင်
ကိုယ့်ရဲ့ခေတ်အဆက်ဆက်တိုင်
ကြီးကျယ်မြင့်မြတ်ခဲ့တယ်။

 

သူရဿဝါ
၂၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: One Side Love Website

No comments:

Post a Comment