“အိုမင်းချိန်ဆိုတာ အနာဂတ်က နောက်မှာ ကျန်ခဲ့ပြီး အတိတ်က ရှေ့ပြန်ရောက် လာတဲ့ ကာလပါပဲ”
အဲဒီ စကားအတိုင်း သာဆို ကျွန်တော့်ရဲ့ လက်ရှိကာလ တွေဟာ ကျွန်တော့် အတွက် အိုမင်းချိန် တွေပါပဲ။ ညီမလေးနဲ့ ကျွန်တော့်ရဲ့ အနာဂတ်ဆိုတဲ့ ခေါင်းစဉ် အထပ်ထပ်ဟာ သမာရိုးကျ ဖျက်ဆီး ခံလိုက်ရ ပြီးတဲ့နောက် ကျွန်တော့်ရဲ့ အာရုံထဲမှာ စီစီရီရီ ပေါ်လာ နေကြတာ ကတော့ ညီမလေးနဲ့ ပတ်သက် ခဲ့ဖူးတဲ့ အတိတ်က ပုံရိပ်တွေ ချည်းပါပဲ။ ညီမလေးရဲ့ အသံ၊ ညီမလေးရဲ့ အမူအယာ၊ အိုး.. ဘာကိုမှ ကျွန်တော် ဖျောက်ဖျက် မပစ်နိုင် ခဲ့ပါဘူး။ အဲဒီ ကျွန်တော့် ရှေ့မှာ ဝဲလည် နေခဲ့တဲ့ အတိတ်တွေ အတွက် ညီမလေးအပေါ် ထားခဲ့တဲ့ အနာဂတ် စိတ်ကူးတွေက အလိုအလျောက် နေရာဖယ်ပေး ခဲ့ရတာပါ။
ညီမလေးနဲ့ ကျွန်တော် နားလည်မှုချင်း ထပ်တူကျနေဖို့။ ကျွန်တော့် အပေါ် ညီမလေးရဲ့ စိတ်တွေ အမြဲတမ်း အရိပ်လို ထိုးကျ နေစေဖို့။ အဆုံးစွန် ပြောရရင် ညီမလေးနဲ့ ဘဝတလျောက် လက်တွဲ သွားဖို့.. အဲဒီ အနာဂတ် စိတ်ကူးတွေဟာ ဝေးကွာခြင်းနဲ့ အတူပဲ ဝေးကွာ သွားခဲ့တယ်။ အခုတော့ အနာဂတ်တွေက နောက်မှာပဲ ကျန်နေ ရစ်ခဲ့ပြီး အတိတ်တွေက ရှေ့ကို ရောက်လာ ကြတယ်။ ဒါဟာ.. ကျွန်တော့် အတွက် အိုမင်းချိန်တွေ ဆိုရင်.. ဟုတ်ပါတယ်.. ကျွန်တော် အိုမင်းနေ ခဲ့ပါပြီ။
“အချစ်နဲ့ ပတ်သက်ပြီး ဆုံးရှုံးစရာ မကျန်တော့တဲ့ သူဟာ ကြောက်စရာ ကောင်းလာ တတ်တယ်”
ညီမလေးကို ဆုံးရှုံးခဲ့ပြီး နောက်ပိုင်းမှာ ကျွန်တော်ဟာ ကြောက်စရာ ကောင်းသူ တစ်ယောက် ဖြစ်လာခဲ့ ပါပြီလား။ ကိုယ့်ကိုယ်ကိုယ် မဝေခွဲ နိုင်ပါဘူး။ ညီမလေး ပြောခဲ့ဖူး တာတွေ ဆုံးရှုံး၊ ညီမလေးရဲ့ ရင်ခုန်သံတွေ ဆုံးရှုံး၊ ညီမလေးရဲ့ မျက်နှာပေးလေးကို ဆုံးရှုံး၊ ဆုံးရှုံးခဲ့.. ဆုံးခဲ့ ရှုံးခဲ့.. ထပ်ပြီး ဆုံးရှုံးစရာ ဘာများ ရှိနေပါသေးလဲ။ အဲဒီ နောက်ပိုင်းမှာရော.. ကျွန်တော် ကြောက်စရာ ကောင်းလာ ခဲ့သလို ရှိပါရဲ့။
ပထမဆုံး ကျွန်တော့် ဖြစ်တည်မှုကို ကြောက်စရာ ကောင်းလောက်အောင် လျှော့ချ ပစ်မိတယ်။ ကျွန်တော့် စိတ်ဓာတ် တွေကို ကြောက်စရာ ကောင်းလောက်အောင် လျော့ရဲ အုံ့မှိုင်း ပစ်မိတယ်။ တခြားသူတွေ အတွက်တော့ မသိပါဘူး။ ကျွန်တော် ကတော့ ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့် နေမိတဲ့ ကြောက်စရာ ကောင်းခြင်းတွေ ကြားထဲမှာပဲ ကျွန်တော့် ခံတပ်ဟာ ပြိုပျက်နေ ခဲ့ပါတယ်။ ခြိမ်းခြောက်စကား မဟုတ်လောက် ပေမယ့် နောင် နှလုံးသား ရေးရာ ကိစ္စနဲ့ ကြုံလာ ရင်တော့ ကျွန်တော်ဟာ ကြောက်တတ်သူ တစ်ယောက်၊ ဒါမှမဟုတ် ကြောက်စရာ ကောင်းသူ တစ်ယောက် ဆိုတဲ့ အဖြစ်နှစ်ခု ထဲက တစ်ခုခု ပေါ်မှာတော့ ခြေစုံမတ်မတ် ရပ်တတ်နေသူ တစ်ယောက် ဖြစ်နေလိမ့်မယ် ထင်ပါတယ်။ အဲဒီ အတွေးကိုက ကြောက်စရာ ကောင်းတဲ့ ဆုံးဖြတ်မှု တစ်ခု ဖြစ်နေတာတော့ ကျွန်တော် ကိုယ်တိုင် မသိချင်လည်း သိနေခဲ့ ပါတယ်။
“အတိတ်ကို ပြန်ပေးပါ။ အဲဒီမှာတုန်းက အင်မတန် တောက်ပြောင်တဲ့ အနာဂတ်တွေ ရှိခဲ့တယ်”
အက်ကွဲ တိုးတိမ်နေတဲ့ လည်ချောင်းထဲက အသံနဲ့ ဒီတောင်းဆိုမှုကို ဖော်ပြဖို့ မလုံလောက် ခဲ့ပါဘူး။ အဲဒီ တောင်းဆိုခြင်း အတွက် ဝံ့စား ရဲကိုးတဲ့ စိတ်မျိုး ရှိနေခဲ့ ရင်တောင် ကျွန်တော့် အတွက် အခွင့်အရေး ဆိုတာ ရှိပါသေး ရဲ့လား။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ တစ်ခုစာ မကတဲ့ မျှော်လင့်ခြင်း တွေနဲ့ အတိတ်ကို ပြန်လည် ပျိုးပွား ပေါင်းသင်ဖို့တော့ ညီမလေး တတ်နိုင်မယ် မထင်ပါဘူး။
အတိတ်ကို ပြန်ပေးပါ.. အတိတ်ကိုပြန်ပေးပါ.. တောက်ပြောင် ခဲ့ပါတယ် ဆိုတဲ့ အနာဂတ် တွေကအစ အဲဒီ ထပ်ဖန်တလဲလဲ တောင်းဆိုမှုကို မသိကျိုးကျွံ ပြုနေခဲ့ ကြပါတယ်။ အတိတ်မှာ ကျန်နေခဲ့တဲ့ အနာဂတ် တွေဟာ ဘယ်လောက်ပဲ လင်းချင်းနေ ခဲ့ပါစေ.. ကိုယ်ပိုင် အလင်းမရှိတဲ့ လမင်းလို အားငယ်မှု မျိုးနဲ့ လင်းရမှာပါပဲ။ ကျွန်တော် ပြန်ပြောင်းပြီး တောင်းဆိုပါ့မယ်။ အတိတ်ကို ခဏလေးပဲ ပြန်ပေးပါ.. ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကောင်မျိုးလဲ ဆိုတာ ပြန်ကြည့်ချင်တာ တစ်ခုက လွဲရင်..။
သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment