Friday, February 06, 2009

သူရဿဝါ အသည်းကွဲတဲ့အကြောင်း


နေ့လယ်က ချစ်ရသူလေး ပို့တဲ့မေးလ်ကို ဖတ်ရတယ်။

“ပြတ်ပြီ” တဲ့။ ခေါင်းထဲမှာလေ.. ချာချာကို လည်သွားတာပဲ။ အာ.. ဘယ်ကလာ အသည်းကွဲ ရမှာတုန်း။ အယ်ဒီတာ အစ်ကိုကြီးက အလုပ်ချိန်မှာ အင်တာနက် သုံးနေရသလား ဆိုပြီး နောက်ကနေ ဇက်ပိုးအုပ် ထည့်လိုက်လို့ လည်သွားတာ။

အဲဒီ မေးလ်ကို ဖတ်ပြီး ပြီးချင်းပဲ သူရဿဝါ ပထမ.. မျက်နှာလေး ငယ်သွားတယ်။ ဒုတိယ.. အရက်မူး ချင်လာတယ်။ တတိယ.. ရပ်ကွက်ပတ် ဆဲချင်လာတယ်။ အဟဲ.. ဒီလောက်ဆို သူရဿဝါ တစ်ယောက် အသည်း ကွဲပြန်ပြီ ဆိုတာ သိလောက်ကြ ရောပေါ့နော့။

အမှန်ပဲလေ.. ထမင်းတောင် မစားနိုင်ဘူး။ ဟာ.. လုပ်ပြန်ပြီ.. ဘယ်ကလာ အသည်းကွဲလို့ မစားနိုင်တာ ဖြစ်ရမှာတုန်း။ အမေ ထည့်ပေး လိုက်တဲ့ဟင်း မကောင်းလို့ဗျ။ အာလူး ငါးခြောက်ကို နှာဘူး တစ်ယောက်က.. အဲ.. အဲ.. သူရဿဝါမှ မကြိုက်တာ။ တကယ်လည်း အသည်းကွဲလို့ ဆိုပြီး ထမင်း မစားဘဲ၊ ရေမသောက်ဘဲ ထိုင်ဆွေးနေ ကြည့်ပါလား။ အလွန်ဆုံး သုံးလေးရက် လောက်ဆို အသည်းကွဲ ချင်လို့တောင် မကွဲနိုင်တော့ဘဲ ဂန့်သွားမှာပေါ့။ အဲဒီတော့ အသည်းကွဲ တာတောင် စည်းစနစ် လေးနဲ့.. ဟဲဟဲ။

ထမင်း စားချိန်ဆို ထမင်းစား၊ ပြီးရင် ဆေးလိပ်လေး ဖွာပြီး အသည်း ဆက်ကွဲ.. ရေငတ် လာရင် ရေနည်းနည်းလောက် ပြေးသောက်၊ ပြီးရင် ရှူရှူးလေး ပေါက်ရင်း သတိဆက်ရ.. အဟား ဘယ်လောက် ငြိမ့်သလဲ။ အဲ.. ခဏနေတော့ မျက်ရည်တွေ တစက်စက် ကျလာတယ်။ ဟာဗျာ.. ဘယ်ကလာ မျက်လုံးကို လက်ခုံနဲ့ ပွတ်မိရမှာလဲ။ သူများ ခံစားနေ ရတာကို ခင်ဗျား ပြောင်ချော်ချော် လုပ်ပစ် တာလား.. သူလေးကို သတိရလို့ဗျ။ ဒီတခါ သူနဲ့တွေ့ရင် ဖဲလိမ်ရိုက်ပြီး နှစ်သိန်းလောက် အနိုင် ဆော့မလို့ ဟာကို.. သူက ဗြုန်းဒိုင်းကြီး ဖြတ်သွားတော့.. မနှမြေေဘဲ နေမလား.. အဲလေ.. ဝမ်းမနည်းဘဲ နေမလား။

အင်း.. ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ သူရဿဝါလို ကောင်မျိုးကို ချစ်ရသူလေးက ဘယ်ကြိုက် ပါ့မလဲ။ သိကြတဲ့ အတိုင်းပဲ.. သူရဿဝါက ခပ်ပျော်ပျော် နေတဲ့ကောင် မဟုတ်လား။ သူရဿဝါ ကိုလည်း ပျော်စရာ ကောင်းလို့ ချစ်တယ် ထင်ခဲ့တာ နေမှာပါ။ ဘာပဲ ဖြစ်ဖြစ်လေ.. ခွင့်လွှတ် ပါတယ်။ သူရဿဝါက ဉာဏ်ရည်မြင့်ပြီး သဘောထား ကြီးမားတဲ့သူ မဟုတ်လား။ ခွင့်လွှတ် ရမှာပေါ့.. အဟဲ။ ဘယ်လောက်ပဲ ခွင့်လွှတ်နိုင် ပါစေလေ။ အသည်းကွဲ တာကတော့ ကွဲတာပဲ မဟုတ်လား။ စိတ်ပြေ လက်ပျောက် နည်းနည်းလောက် ရမ်းကား ဖောက်ခွဲ လိုက်ရ ရင်တော့ စိတ်ထဲမှာ ပေါ့သွားမယ် ထင်ပါရဲ့။

အဲဒီ အတွေးနဲ့ပဲ အောက်ထပ် ဆင်းပြီး ဘီယာဆင်း သောက်မယ် အလုပ်၊ သူရဿဝါဆီ ဖုန်းလာတယ် ဆိုလို့ ဖုန်းသွား ကိုင်တယ်။ သူငယ်ချင်း တစ်ယောက် ဆီက ဖုန်းလာတာ။ ဆေးရုံ တက်နေတဲ့ မင်းအဘိုး ဆုံးပြီတဲ့။ မင်းကို အမွေတွေ သိန်းလေးထောင်လောက် ပေးသွားတယ်တဲ့။ ဟ.. နေရာကျ  လိုက်တာကွာ။ အဲဒါနဲ့ပဲ ဘီယာဆိုင် သွားတယ်။ ဘီယာ နှစ်ခွက်လောက် သောက်တယ်။ မူးချင်ယောင် ဆောင်ပြီး ဖန်ခွက်တွေ ရိုက်ခွဲ ပစ်တယ်။ ဆိုင်မန်နေဂျာကို ဂုတ်က ဆွဲပြီး သောင်းကျန်းတယ်။ မင်းတို့လို ဆိုင်မျိုး နောက်ထပ် ရှစ်ဆိုင်လောက် ပြန်ဖွင့်ပေးလို့ ရတယ်ကွ ဘာညာနဲ့။

အဲ.. သောင်းကျန်းလို့ ကောင်းနေတုန်း ရုံးက အစ်ကိုကြီး တစ်ယောက် ဆိုင်ကို ရောက်လာတယ်။ ဟေ့ကောင်တဲ့.. မင်းသူငယ်ချင်း တစ်ယောက် ဖုန်းဆက် တယ်တဲ့။ မင်းအဘိုး ဆုံးလို့ မင်းကို အမွေ သိန်းလေးထောင် ပေးသွားတယ် ဆိုတာ မင်းကို ကျီစားလိုက်တာ ပါတဲ့.. သူ့ကို ခွင့်လွှတ် ပါတဲ့။ သေရောပေါ့။ ခွင့်လွှတ် ရမယ့်သူ နောက်တစ်ယောက် တိုးလာပြန်ပြီ။ သူတို့ကို ခွင့်လွှတ်ရင်း သူရဿဝါ ငိုချင်လာတယ်။ ငါ့အတိတ်က ကုသိုလ်ကိုက နုံချာ စုတ်ပြတ်လွန်း လှတာပါ လို့လည်း ဖြေသိမ့်ပါတယ်။ ခုတော့ ဟိုစကားပုံကို ယုံသွားပြီ။ “သူများ အကျိုးဆောင် ကိုယ့်အကျိုး ပြောင်” ဆိုတာလေ။

သူရဿဝါ အဲဒီလို ပြောင်ချော်ချော်တွေ လျှောက်ရေးနေလို့ တကယ် မခံစားရဘူး မထင်ကြ ပါနဲ့။ အရမ်းကို ကြေကွဲ နေတာပါ။ သိပ်ကို ယူကျုံးမရ ဖြစ်နေတာပါ။ ဒါပေမဲ့ အဲဒီလို ဖြစ်နေတာကို အမူအယာနဲ့ ပြတော့ရော သူရဿဝါကို ဘယ်သူကများ နှစ်ရက်၊ သုံးရက်ထက် ကြာကြာ သနားနိုင် မှာလဲ။ ဘယ်သူက အကယ်ဒမီ ပေးမှာလဲ။ ဟုတ်တယ် မဟုတ်လား။ အဲဒီတော့ ငပြောင်ကောင်က ဘယ်လောက်ပဲ အသည်း ကွဲကွဲပါလေ.. ခပ်ပြောင်ပြောင် နေရမယ်ဆိုတာ.. တာဝန် တစ်ခုလို ဖြစ်နေ ခဲ့တာပါ သူငယ်ချင်း တို့ရာ။

 

သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Fun2video.com

No comments:

Post a Comment