Thursday, February 12, 2009

ငိုသံ


ရော်ရွက်ဝါအိုများ ဖျော့မှိန်တိုးလျ လွင့်ကျခဲ့စဉ်
ပန်းရုံလေးလည်း အထပ်ထပ်ပြိုကျ
နှုတ်ဆက်စကားနဲ့ပဲ နှုတ်ဆက်ခဲ့တယ်
သွားတော့
သွားတော့ကွယ်။

နဂါးမျက်စောင်းတို့ အားကောင်းလာကြချိန်
ကိုယ် ငိုခဲ့
ကဗျာထဲမှာငိုခဲ့
သီချင်းတွေနဲ့ငိုခဲ့ လမ်းပေါ်မှာငိုခဲ့
ပြုံးနေရင်းနဲ့တောင် သိမ်ငယ်ညှိုးလျ ငိုခဲ့ရသူ။

“နာကျင်မှုနဲ့လည်ခဲ့တဲ့ရာသီ”
ဒီသက္ကရာဇ်ကို ပေးထားမိတဲ့နာမည်
ဆောင်းခေတ်က မှတ်တိုင်လေးလည်း
ကိုယ့်နားက တရွေ့ရွေ့
ရွေ့သွားခဲ့တဲ့ သက္ကရာဇ်ကိုရောက်ပြီ။

ငိုခဲ့ ငိုခဲ့
သတိတရ ငိုခဲ့
မျက်ရည်မကျဘဲ ငိုခဲ့
ရော်ရွက်ဝါအိုများ မနက်ဖြန်တွေထဲ လွင့်ကျခဲ့ချိန်
သွားတော့
သွားတော့
သွားပါတော့ကွယ်။

တစ်စုံတရာက သတိပေးလာပါတယ်။
ငိုသံနဲ့ပူလောင် မှောင်နေတဲ့ရာသီကို ရောက်ပြီ။

 

သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment