ငါ့ကို နှုတ်မဆက်နဲ့ မိသံစဉ်
ရေလှိုင်းရဲ့ ထိထိရိရိအကြည့်မှာ
ကျောက်ဆောင်က လွင့်စဉ်ဖွာကြဲခဲ့ရတဲ့နောက်။
ငါ့ကို နှုတ်မဆက်နဲ့ မိသံစဉ်
ရင်ဘတ်ထဲက ရုပ်ကြွင်းအက္ခရာများ
ကယိမ်းကပါး လိပ်ပြာလွင့်သွားခဲ့ရတဲ့နောက်။
ငါ့ကို နှုတ်မဆက်နဲ့ မိသံစဉ်
အားကိုးတကြီး မော့ကြည့်မိတဲ့ ကောင်းကင်အလွတ်ထဲ
မရှိခြင်းများစွာက ငါ့ကို ပြန်လည်သမ်းဝေလိုက်ကြတဲ့နောက်။
ငါ့ကို နှုတ်မဆက်နဲ့ မိသံစဉ်
အတ္တနဲ့ ဖာထေးချုပ်လုပ်ခဲ့တာတောင်
မိုးယိုလေယို ခေါင်မိုးအောက်
စိတ်ပျက်လက်ပျက် ထိုင်နေခဲ့ရတဲ့နောက်။
ငါ့ကို သတိမရနဲ့ မိသံစဉ်
ငါ့ကို မတမ်းတနဲ့ မိသံစဉ်
ငါ့ကို နှုတ်မဆက်နဲ့တော့ မိသံစဉ်
ခု အပြင်မှာလည်း မိုးချုပ်နေဝင်။
သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment