(၁)
ဒီနေ့မနက် သူရဿဝါ အစောကြီး နိုးလာပါတယ်။ မနေ့ညက အိပ်မက်ဆိုးတွေ မက်တာလည်း ပါတာပေါ့။ အိပ်မက်တွေက လုံးဝ မကောင်းတော့ စိတ်ထဲ တထင့်ထင့်နဲ့။ ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေရ တာပေါ့လေ။ အိပ်မက် ဆိုတာကလည်း အပြင်မှာ တကယ် ဖြစ်တာမှ မဟုတ်တာ ဆိုပြီး တော့ပေါ့။ ဒါပေမဲ့ မကောင်းတဲ့ အိပ်မက်တွေက အပြင်ကို တကယ်များ ခုန်ထွက်ပြီး ရောက်လာ သလား မသိပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ သူရဿဝါ ဆီကို မျက်နှာလေး မှိုင်မှိုင်နဲ့ ပြဿနာ တွေကိုပါ အငှားကားပေါ် တင်ပြီး မိန်းကလေး တစ်ယောက် ရောက်လာ ပါတယ်။ ဘယ်သူများ ပါလိမ့်လို့ သေချာ ကြည့်လိုက်တော့.. အားပါးပါး.. နွေးနွေးသဲမွန် ရယ်ပေါ့။ ကားပေါ် ကနေ သုတ်သီး သုတ်ပြာနဲ့ ဒိုင်ဗင်ပစ် ပြီးတော့ကို ဆင်းလာတာ။
“ဟဲ့.. ဘုန်းသန့်
နေကောင်းလား”
“အန်.. ကောင်းပါတယ်ဟ.. ဘာဖြစ်လို့တုန်း”
“ဟီး.. နင်ကလည်းဟာ၊ ဒါကတော့ နှုတ်ဆက်တဲ့ သဘောပေါ့”
“အော်.. ဂလိုလား”
သူရဿဝါ စိတ်ထဲ မှာတော့ နည်းနည်း သိသလို ဖြစ်နေပါပြီ။ မှိုင်နေတဲ့ မျက်နှာကို အတင်း ဟန်ဆောင်ပြီး ရယ်ချင်ယောင် ဆောင်နေ ရတာလေ။ သူက ဆက်ပြော ပါတယ်။
“နင် မုန့်မစား ရသေးဘူး မဟုတ်လား။ လာလေ.. ငါ မုန့်ဟင်းခါး လိုက်ကျွေးမယ် အဟီး”
သူရဿဝါလည်း ပိုလန့် သွားပါတယ်။ ဒေါ်နွေးနွေးက သဘော ကောင်းနေပြီ မဟုတ်လား။ မိန်းကလေးတွေ သဘော ကောင်းရင် လန့်ဖို့ ကောင်းမှန်း ကိုယ်က အတွေ့အကြုံ အရ သိပြီးပြီလေ အဟဲ။
“အေး အေး..
စားတာပေါ့ ရှမ်းစုတ်မရာ၊ နင်ငါ့ကို အကူအညီ တောင်းစရာလည်း ရှိတယ် မဟုတ်လား”
“ဟီး.. နင်ကလည်း၊ တိုင်ပင် မှာပါဟာ”
“အေးပါ.. အေးပါ”
(၂)
“ကဲ.. နင် ဘာစားမလဲ စား၊ ဟေ့ ကျွတ်စ် ကျွတ်စ်.. တစ်ယောက်လောက် လာပါဟေ့”
လက်ဖက်ရည်ဆိုင် ရောက်တော့ သူက ကျွန်တော့်ကို လောကွတ် လုပ်ရင်း စားပွဲထိုးလေး တစ်ယောက်ကို လှမ်းခေါ်ပါတယ်။ ကောင်လေး တစ်ယောက်က ခပ်ရို့ရို့လေး ကျွန်တော်တို့ အနား လာရပ် ပါတယ်။ ကျွန်တော်လည်း ကောင်လေးကို မေးလိုက်တယ်။
“ညီလေး.. မင်းတို့ဆိုင်မှာ
မုန့်ဟင်းခါးရှိလား”
“ဟုတ်.. ရှိပါတယ်အစ်ကို”
“နန်းကြီးသုပ်ရော..”
“ဟုတ်ကဲ့.. နန်းကြီးလည်း ရှိပါတယ်ခင်ဗျ”
“ဒါဆို ငါ့ကို အုန်းနို့ခေါက်ဆွဲတစ်ပွဲ ပေးကွာ ဟီး ဟီး”
“ခင်ဗျာ..”
“အော်.. အုန်းနို့တစ်ပွဲပေးပါ ဆိုနေမှကွာ၊ မင်းကလဲ”
“ဟုတ်.. ဟုတ်ကဲ့”
ဆိုပြီး စားပွဲထိုးလေး အူလည်လည်နဲ့ ခေါင်းကုတ်ပြီး ထွက်သွား ရှာပါတယ်။ အဲဒီတော့မှ ကျွန်တော်က နွေးနွေးကို မေးငေါ့ ပြပြီး
“ကဲ.. စားပွဲထိုးလေး
ကိုတော့ ကြပ်ပြီးပြီ၊ နင်ကရော ဘာတွေ ကွိုင်နေလဲ ပြော”
“အေးဟာ.. ဘယ်ကစပြော ရမှန်းတောင် မသိပါဘူး၊ ဘယ်သူ့ ကိုမှလည်း အကူအညီ မတောင်း တတ်ဘူး၊
နောက်မှ နင့်ကို သတိရလို့ဟ၊ နင့်ကို ကျတော့ ပွင့်ပွင့်လင်းလင်းလည်း ပြောလို့ ရတယ်လေ၊
ပြီးတော့ နင်က အကြံကောင်းလည်း ထွက်တတ်လို့ပါ၊ အဟီး.. အေးလေ၊ နင်က နိုင်ငံကျော် စာရေးဆရာကြီး..
စုဗူးမှာလည်း..”
“အမလေး.. တော်ပါ မမရယ်၊ မမြှောက်ပါနဲ့ဗျာ၊ ပြောစရာ ရှိတာကိုသာ လိုရင်း ပြောတော်မူပါ”
“ဒီလိုဟ.. ခုဆို ငါကလည်း အပျိုလေး ဖြစ်နေပြီ မဟုတ်လား ဟဲဟဲ”
“ဘာ အပျိုလေးလဲ.. အပျိုကြီး လို့ပြော”
“ဟဲ့.. တိုးတိုး ပြောပါဟ”
“အဲဒါဆို အမှန်အတိုင်း ပြောပေါ့၊ ကဲ ကဲ.. ဆက်ပြော”
“ဒီလိုဟာ.. ငါက နင်ပြော သလိုပဲ အပျိုကြီး.. အင်း.. အပျိုကြီး ဖြစ်နေပြီ ပေါ့ဟာ၊ ခက်တာက
ငါကလည်း အချိန် ကောင်းတုန်းက မာနက ခပ်ကြီးကြီး ဆိုတော့ ဘယ်သူ့ကိုမှ မရွေးခြယ် ခဲ့မိဘူးဟ”
သူရဿဝါ စိတ်ထဲ မှာတော့ တွေးမိပါတယ်။ ကြိုက်မယ့်သူ မရှိလို့ အပျိုကြီး ဖြစ်နေတာများ လို့ပေါ့။ ဒါပေမဲ့လည်း သူကျွေးတဲ့ မုန့်ကို စားထားမှတော့ သည်းခံရတော့ မှာပေါ့။
“အင်း.. ဟုတ်ပါပြီ၊
ဆက်ပြောပါဦးဟ”
“အဲဒါ ခုမှ ငါ နောင်တ ရတယ်ဟာ၊ ငါ.. ငါလေ ငှက်ပျောတုံး ကြီးတော့ ဖက်မသေ ချင်ဘူးဟာ၊ အဲဒါ
ငါ ဘာလုပ် ရမလဲ ဆိုတာ အကြံပေး စမ်းပါဦး၊ နင်က.. နိုင်ငံကျော်..”
“နေပါ.. နေပါ၊ ဒီလောက်ဆို ရပြီ၊ နင်ပြောချင်တဲ့ သဘော ကတော့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်
လိုက်ပြီပေါ့၊ ဒါများ လွယ်ပါတယ်၊ သတင်းစာထဲမှာ ကြော်ငြာ ထည့်လိုက်လေ”
“ဟာ.. အကောင်စုတ်..”
“ဟဲဟဲ.. စတာပါ”
“အေးဟ.. ယောက်ျား ယူမယ် ဆိုပေမယ့်လည်း တွေ့ကရာတော့ မဟုတ်ဘူး ပေါ့ဟာ”
“အင်း.. အဲဒီတော့ ကျုပ်က ဘယ်လို လုပ်ပေး ရမှာတုန်း”
“နင်က အကြံထုတ် ပေးလေဟာ.. ပြောရတာ ခက်လည်းခက် ရှက်လည်း ရှက်ပဟာ”
“ဟုတ်ပါပြီ.. ကိုယ့်သူငယ်ချင်း လင်ကောင်း သားကောင်း ရအောင် လုပ်ပေးရမယ့် တာဝန် ငါ့မှာ
ရှိတာပေါ့ဟ”
“အေး.. အားကိုး ပါတယ်ဟာ၊ ဒါပေမဲ့.. ငါက တော်ရုံလူကို ယူမှာ မဟုတ်ဘူးနော်၊ ငါ့အတွက်
နာမည်လည်း ကြီးရမယ်၊ ချမ်းလည်း ချမ်းသာရမယ်၊ အဲလို ယောက်ျားမျိုးကို ရှာပေး”
“အဲဒါ နင် ပြောတာနော်.. မှတ်ထား၊ ငါရအောင် ရှာပေးမယ်”
“ဒါနဲ့.. နင်က ဘယ်လို ရှာမှာတုန်း၊ မသိလို့ ပြောပြ စမ်းပါဦး”
“ဟဲဟဲ.. ငါက လွန်းပျံ ဒီပလိုမေစီနဲ့ ရှာမှာ”
“ဘာ.. ဘာဖြစ်တယ်၊ အဲဒီ ဒုံးပျံ ဒီပလိုမေစီက ဘာလဲ”
“အာ.. ဘယ်က ဒုံးပျံ ရမှာလဲ၊ လွန်းပျံပါဟာ.. လွန်းပျံ ဒီပလိုမေစီ”
“အေးအေး.. အဲဒါက ဘာတုန်း၊ နင်နော်.. မဟုတ်တရုတ် တွေတော့ မလုပ်နဲ့နော်”
“မလုပ်ပါဘူးဟာ.. အဲဒါက သံတမန်နည်းလို့ ပြောတာ”
“အဲ.. အဲဒါကို နင်က ဘယ်လို လုပ်မှာတုန်း”
“ဟဲ ဟဲ.. နင် စောင့်ကြည့် ပေါ့ဟာ”
“အေး အေး.. ငါက ဘာတွေ လုပ်ပေးဖို့ လိုအပ်လဲ”
“ဘာမှ မလိုဘူး၊ ဆန္ဒရှိရင် သတို့သမီး ဝတ်စုံသာ ချုပ်ထား”
“ဟာ.. မိုက်သကွာ၊ သေချာ လှချည်လား၊ ဒါဆိုလည်း ပြီးရော နင့်ကို မုန့်ကျွေးရကျိုး နပ်သွားပြီကွာ”
“ဟုတ်ပါပြီ”
(၃)
သူရဿဝါလည်း အိမ်ရောက်တာနဲ့ ခေါင်းခြောက် လောက်အောင် စဉ်းစားခန်း ဝင်ရတော့ တာပေါ့။ သိပ်တော့ မစဉ်းစားလိုက် ရပါဘူး။ နောက်နေ့ မနက်ကျရင် အဲဒီ အကြံကို အကောင် အထည် ဖော်ဖို့ အဆင်သင့် ဖြစ်နေပြီ။ သိတယ် မဟုတ်လား မောင်ဝါဝါလေ။
ပထမဆုံး သူရဿဝါ မြို့ထဲကို ထွက်လာ ခဲ့တယ်။ ပြီးတော့ သူရဿဝါရဲ့ အသိ ဘိန်းရာဇာကြီး ဆီကို သွားတယ်။ သူက ဘိန်းရာဇာကြီး ဆိုတော့ တအား ချမ်းသာ တာပေါ့။ အဲဒီ ဘိန်းရာဇာကြီးက သူရဿဝါနဲ့ ဘယ်လို သိတာလဲ လို့တော့ မမေးနဲ့လေ။ ဒါက ဇာတ်လမ်းပဲ ဟာကို။ သိချင်တဲ့ လူနဲ့ သိလို့ရတယ်။ ဘိန်းရာဇာကြီးဆီ ရောက်တော့ သူက သူရဿဝါကို ဧည့်ခံပါတယ်။ ပြီးတော့ လာရင်း အကြောင်းကို မေးတာပေါ့။ သူရဿဝါက သူ့ကို ပြောပြ လိုက်တယ်။
“ဒီလိုဗျာ..
အစ်ကို့ အနေနဲ့ မိန်းကလေး တစ်ယောက်ကို အစ်ကို့ရဲ့ အမွေစား အမွေခံ အဖြစ် မမွေးစား ချင်ဘူးလားဗျ”
“ဟာကွာ.. ပေါက်ပေါက်ရှာရှာ.. ငါက ဘာလို့ မွေးစား ရမှာတုန်း”
“ဘာလို့လဲ ဆိုတော့ သူ့ကို ကျွန်တော်က ချမ်းသာစေ ချင်လို့ပေါ့၊ ဘိန်းရာဇာကြီးရဲ့ သမီး
ဖြစ်ပြီဆို ချမ်းသာပြီလေ”
“အာ.. ရှုပ်ရှုပ် ယှက်ယှက်ကွာ”
“သူက နာမည်ကြီး လူရွှင်တော် ငြိမ်းချမ်းရဲ့ ဇနီး ဆိုရင်ရော”
“အော်.. ဒီလိုလား၊ ဒါဆို ရင်တော့ တမျိုး စဉ်းစား ရမှာပေါ့၊ ငါ အဲဒီ လူရွှင်တော် ငြိမ်းချမ်းကို
တအား ကြိုက်တာ၊ မင်းလည်း အသိပဲလေ၊ ဒါဆိုရင်တော့ ငါ လက်ခံ တယ်ကွာ၊ အဲဒီ ကောင်မလေးကို
မွေးစားမယ်”
(၄)
အဲဒီကိစ္စ ပြီးတော့ သူရဿဝါလည်း နောက်တစ်ခု ဆက်လုပ်ဖို့ ပြန်ထွက် လာခဲ့တယ်။ ပထမ တစ်ခု အဆင်ပြေ သွားပြီ ဆိုတော့ နောက်တစ်ခုက လွယ်လွယ်လေး ဖြစ်သွားပြီလေ။ လူရွှင်တော် ငြိမ်းချမ်း ဆီကို ဆက်သွား မယ်ပေါ့။ လူရွှင်တော် ငြိမ်းချမ်းဆီ ရောက်တော့
“လာဟေ့.. ကောင်လေး၊
မင်း ပျောက်လှ ချည်လားကွ”
“အင်း.. ဟုတ်တယ်၊ အလုပ် နည်းနည်း များနေလို့”
“အော်.. ခုရော ဘာကိစ္စလဲ”
“ခုကိစ္စက အစ်ကို့ အတွက်ဗျ”
“အမယ်.. လုပ်စမ်းပါဦး၊ ဘာ ငါ့အတွက်လဲ”
“ဒီလိုလေ.. အစ်ကို့ အနေနဲ့ မိန်းကလေး တစ်ယောက်ကို ဇနီးအဖြစ် မယူချင်ဘူးလား”
“အန်.. ဘာလုပ်ဖို့တုန်း၊ ငါက ဘရစ်တနီ စပီးယား လောက်မှ ယူမယ် စိတ်ကူးတာဟ”
“အမလေးဗျာ.. မဖြစ် နိုင်တာတွေ မပြောစမ်းပါနဲ့၊ ကျွန်တော် ပြောတဲ့ ကောင်မလေးကို ယူမလား
ဆိုတာပဲ ပြောစမ်းပါ”
“အာ.. ဘာလို့ ယူရမှာတုန်း၊ သူ့အကြောင်း ငါမှ မသိတာ နေပါကွာ”
“စကားကုန် မပြောနဲ့လေ.. အဲဒီ မိန်းကလေးက အရမ်း ချမ်းသာတဲ့ ဘိန်းရာဇာကြီးရဲ့ သမီး ဆိုရင်ရော..”
“ဟေ.. ဂလိုလား၊ ဟာ.. ဒါဆိုရင်တော့ တစ်မျိုး စဉ်းစား ရမှာပေါ့၊ ငါသူ့ကို ယူဖို့ သဘောတူ
တယ်ကွာ”
(၅)
အားလုံး အဆင်ပြေ သွားပြီ ဆိုတော့ သူရဿဝါလည်း စိတ်ပေါ့ပါးပြီး ထွက်လာ ခဲ့ပါတယ်။ နွေးနွေး ဆီကို ဖုန်းဆက် မယ်လေ။ အားလုံး အဆင်ပြေ သွားပြီ ဆိုတာကိုပေါ့။
“ဟဲလို.. နွေးနွေးလား..”
(၆)
နောက် တစ်လလောက် အကြာ မှာတော့ နာမည်ကျော် ဘိန်းရာဇာကြီးရဲ့ သမီးလေး နွေးနွေးသဲမွန်နဲ့ နာမည်ကျော် လူရွှင်တော် ငြိမ်းချမ်း တို့ရဲ့ မင်္ဂလာပွဲကို ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနား ပြုလုပ် ကျင်းပနိုင်ခဲ့ ပါတော့တယ်။ အဲဒီပွဲမှာ အထူး သူကောင်းပြု ခံရတာ ကတော့ နိုင်ငံကျော် စာရေးဆရာ ချောချောလေး ကိုသူရဿဝါပဲ ဖြစ်ပါတယ်။
နောက်ထပ် အဲဒီလို စွံချင်တဲ့ အပျိုလေး တွေရော.. အပျိုကြီး မမတွေရော လင်ကောင်း သားကောင်း ရချင် လှပါတယ် ဆိုရင်တော့ သူရဿဝါ အေဂျင်စီ (အထူး လူပွဲစား ကုမ္ပဏီ) ကို ဆက်သွယ်နိုင် ကြပါကြောင်း။
မှတ်ချက် - ဆရာမောင်ကောင်းထိုက်(နှီးပဒေါ)၏ ဘာသာပြန်ဟာသတစ်ပုဒ်အား မှီငြမ်းဆန်းသစ် ရေးသားပါသည်။
သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment