Saturday, February 21, 2009

တိမ်ချည်တဲ့ နွယ်


အလွမ်းစိတ်ကလေးက
ကျင်လည်ရာဘဝထဲကိုပဲ
ထပ်ခါတလဲလဲ ပြုတ်ကျ
တစ်နွေ တစ်မိုး တစ်ဆောင်း
ဘယ်လိုများပြောင်းသွားခဲ့ပါသလဲ နွယ်။

တော်တော်တော့ကြာခဲ့ပါပြီ
ဒါပေမဲ့
ခဏခဏကြမ်းပေါက်ကျွံနေဆဲ အိပ်မက်တွေရယ်
တဖြည်းဖြည်းအရေခွံထူလာတဲ့ အမှားတွေရယ်
အစိပ်အကျဲမညီသေးတဲ့ မျှော်လင့်ချက်တွေရယ်
ဒီကာလတွေထဲ စိတ်ချလက်ချအိပ်မပစ်ရဲသေးဘူး။
ကြာခဲ့ပါပြီ နွယ်။

အချစ်ဆိုတာကလည်း
ဆွဲခေါ်တိုင်းမလိုက်တတ်တဲ့ ခပ်ပေပေကောင်
ဆိုတော့ကာ၊ စကားလုံးပေါင်းများစွာခြောက်ခမ်း
မဖြေနိုင်သေးတဲ့မေးခွန်းအထပ်ထပ်ပဲ
သပ်သပ်ရပ်ရပ်ထွက်လာတယ်။
အခု ရင်က ဟာလာဟင်းလင်း
ဒါပေမဲ့ ထမင်းစားလို့မဝင်ဘူး နွယ်။

တည်ခန့်ခိုင်မြဲတဲ့ ကမ္ဘာတွေ
အညိုရောင်ဖျော့ဖျော့ စကားလုံးတိမ်တိုက်တွေ
ပေးလိုက်တိုင်းပြန်ရနေတဲ့ နှစ်လမ်းသွားမေတ္တာတွေနဲ့
မှတ်တမ်းမှတ်ရာထဲမတော့
ကိုယ်က တိမ်တွေကိုတောင်
ချည်သိုင်းရစ်တွယ်နိုင်ခဲ့သူပေါ့ နွယ်။

အခုတော့
ကိုယ့်ကိုယ်ကို ငြှိမ်းသတ်လိုက်ရတဲ့ မီးအိမ်လို
တံခါးတွေအထပ်ထပ်ပိတ်
ခပ်မဆိတ် ကြိတ် ငို
ဒီထက်ပို ဘယ်လိုမှလည်း ကိုယ်မရဲရင့်တတ်ခဲ့ဘူး နွယ်။

 

သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment