ငါ့အခန်းထောင့်လေးထဲ
ကြေကွဲခြင်းတွေသာ တဖျတ်ဖျတ်ကျကွဲ
ဝမ်းနည်းမှုနဲ့ဖရိုဖရဲ ပြိုလဲနေခဲ့တယ်။
“မင်းစိတ်ညစ်တာကိုပြောလို့ ငါဘာတတ်နိုင်မှာလဲ”
အဲဒီစကားအောက်မှာ ငါ့ရပ်တည်ချက်တွေဝေဝေဝါး
မင်းယုံကြည်နေတာတွေအတွက်
ငါကရော.. ဘာများတတ်နိုင်မှာတဲ့လဲညီမလေးရယ်။
ငါက လွှာဒိုင်းမပါပဲ စစ်ချီခဲ့တဲ့
ခပ်ညံ့ညံ့စစ်သည်တော်တစ်ယောက်
“ပျော်တယ်ထင်လို့ ချစ်ခဲ့တာ”
“ပျော်တယ်ထင်လို့.. ချစ်ခဲ့တာ”
“ပျော်တယ်.. ထင်လို့..”
မြားအစင်းစင်းစိုက်ဝင်တဲ့ ရင်ဘတ်ကို
မကာကွယ်နိုင်ခဲ့ဘူး
အံ့အားတသင့် အဆင့်ဆင့်ကျရှုံး
ငါ့ကိုယ်ငါပဲ မုန်းမိတယ်။
“ကိုယ့်ကိုချစ်ရဲ့လား”
ဘယ်လိုနှုတ်ဖျားနဲ့ မေးရပါ့မလဲကွယ်။
အသုံးမကျတဲ့ ဂစ်တာတစ်လက်နဲ့
ချာချာလည်လည်မူးယစ်မှုနဲ့
“ညီမလေး.. ညီမလေး” လို့တမ်းတ
ခပ်ပျော်ပျော်အချစ်ခံရတဲ့ ခပ်အအကောင်လေ
ဖရိုဖရဲ.. ပြိုလဲ.. အခု..
ဝမ်းနည်းကြေကွဲမှုတွေ တဖျတ်ဖျတ်ကျကွဲနေတဲ့
အဲဒီ အခန်းထောင့်လေးထဲမှာ။
သူရဿဝါ
၁၂
- ဖေဖော်ဝါရီ
- ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment