ဖိနပ်ကနေ ပြတ်လွင့်ဝေးရွေ့သွားတဲ့ သဲကြိုးဟာ
ငါပါ မိသံစဉ်။
အတ္တတွေခါင်းပေါ်ပန်ထားတဲ့မိန်းမကို
အနူးညံ့ဆုံးလေပြေကလည်း မတိုးဝှေ့နိုင်ခဲ့ဘူး။
နင်က နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းတွေနဲ့မှ
နေသားကျချင်တဲ့
အရောင်အသွေးစုံမိန်းကလေးတစ်ယောက်
ငါက အဲဒီမျှော်လင့်ချက်တွေကို နင့်ကိုယ်ပေါ် မတပ်ဆင်ပေးနိုင်တဲ့
စိုးရိမ်ရေမှတ်ခပ်များများနဲ့ ယောက်ျားလေးတစ်ယောက်
မလိုက်ဖက်တဲ့အရာမှန်သမျှ ဝေးကြရုံပေါ့မိသံစဉ်။
အရင်ကတော့ နင်ငါ့ကိုချစ်ခဲ့ဖူးပါရဲ့။
ငါရှိနေမှ အပြုံးတွေနဲ့ယဉ်ပါးတတ်တဲ့ပုံစံမျိုး
ငါရောက်လာမှ မျက်လုံးတွေဖွင့်ကြည့်တတ်တဲ့ပုံစံမျိုး
အဲဒီလောက်ထိ နင်ငါ့ကိုချစ်ခဲ့ဖူးပါရဲ့။
ငါ့ရဲ့စိတ်ကူးတွေဟာလည်း ကောင်းကင်နဲ့ထိလုမတတ်
ကြယ်တွေဆီရောက်လုမတတ်ပါ မိသံစဉ်။
တကယ်တော့လည်း ငါက
လက်တကမ်းအကွာလောက်ကလွဲပြီး
ဘယ်ကိုမှမြင်အောင်မကြည့်ခဲ့တဲ့ ခပ်အအကောင်တစ်ကောင်။
ငါနဲ့ဝေးရာကို နင်မျက်နှာမူနေခဲ့တာလည်း ငါမသိဘူး။
နင့်ရဲ့မျက်ဝန်းတွေ အေးခဲစိမ်းတောက်ခဲ့ပြီဆိုတာလည်း ငါမသိဘူး။
အချစ်ဟာ ငါ့မျက်လုံးတွေကိုကြောင်ကန်းစေခဲ့တာပါလို့ပြောရင်တောင်
ခပ်အအကောင်ရဲ့ ဆင်ခြင်မှုမဲ့အရှက်ပြေစကားပဲဖြစ်ပါလိမ့်မယ်။
နင်ဟာ ငါ့အပေါ်အပြင်းအထန်စွဲကပ်နေတဲ့
ကဖင်းန်းဓါတ်တစ်မျိုးပါ မိသံစဉ်
အခုထိ ငါ့လက်ဖဝါးတွေ နွေးထွေးနေတုန်းပဲ
ငါ့ရဲ့အိပ်ယာဝင်ခါနီးအတွေးဟာ ငါ့အပေါ်မဖော်ရွေဘူး
အလွမ်းဟာ နင့်ဆီကိုပဲ တည့်တည့်မတ်မတ်ဦးတည်လို့
ငါအမေ့ခံမထားတတ်တဲ့ပုံရိပ်ဟာ နင်ပဲ။
မျက်မမြင်တစ်ယောက်ရဲ့ မီးအိပ်မက်တွေ
တစ်စစီ သုန်မှုန်တိုးဖျော့ကုန်ကြတဲ့အထိ
ငါ့စိတ်ဓါတ်တွေအားလုံးကို နာမကျန်းဖြစ်စေလိုက်တယ်။
တွယ်တာအားကိုးစရာမီးအိမ်ဟာလည်း မျက်မမြင်တစ်ကောင်အတွက်
ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ
ဒီထက်ပိုပြီး ဘာမှမျှော်လင့်လို့မရဘူး။
ငါက ဖြတ်တောက်လှီးခွဲခံလိုက်ရတဲ့
သဲကြိုးတစ်စပါ မိသံစဉ်။
သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com
No comments:
Post a Comment