Sunday, February 22, 2009

ရူးသွားကြတဲ့ စုဘူးနာမည်ကျော်များ



 

စိုးမိုးတို့၊ ဝိုင်တို့ဆိုတာ တချိန်တုန်းကတော့ စုဘူးမှာ မရှိမဖြစ် နာမည်ကြီး တွေပေါ့။ အရေးအသား တွေကလည်း သိပ်ကောင်းကြတော့ သူတို့ကို အားကျတဲ့သူတွေ၊ ခင်ချင်တဲ့သူတွေ စုဘူးမှာ တပြုံကြီးပဲ။ ဒါပေမဲ့လည်း လောကဓံ ဆိုတာက ပြောရခက်သားလား။ ဒီလောက် နာမည်ကြီးတဲ့ နှစ်ယောက်လုံး သွက်သွက်ခါအောင် ရူးသွားကြတယ်လေ။ တကယ့်ကို သံဝေဂ ရစရာ ပါပဲ။ ခုတော့ သူတို့နားမှာ ဘယ်သူမှလည်း မရှိတော့ဘူး။ သူတို့စာတွေကို ကောင်းလှပါချည်ရဲ့လို့ ပြောမယ့်သူလည်း မရှိတော့ဘူး။ တချိန်က အောင်မြင် ကျော်ကြားမှုနဲ့ မော်ကြွားနိုင်ခဲ့တဲ့ စိုးမိုးနဲ့ ဝိုင်တို့ရဲ့ ဟန်ပန် အမူအယာတွေအစား၊ ခုတော့ မျက်လုံးတွေ ပြူးကြောင်ကြောင် ဖြစ်နေတဲ့၊ ပြီတီတီ စပ်ဖြဲဖြဲ ဖြစ်နေတဲ့၊ တစ်ခါတလေ ငိုချင်ရင် ကြူကြူပါအောင် ငိုချတတ်ပြီး၊ တစ်ခါတလေ ရယ်ချင်ရင်လည်း အော်ဟစ် ရယ်နေတတ်တဲ့ စိတ်ဝေဒနာရှင် နှစ်ယောက်ပဲ ရှိတော့တယ်။

စိုးမိုး ရူးခဲ့ရပုံက သနားဖို့ ကောင်းတယ်။ သူသိပ်ချစ်တဲ့ ချာတိတ်လေးကြောင့်ပေါ့။ သူက အဲဒီ ချာတိတ်လေးကို မြင်မြင်ချင်း ချစ်မိခဲ့တာဆိုပဲ။ ဒါပေမဲ့ ကောင်မလေးကို သူက ဖွင့်မပြောရဲဘူး။ ကောင်မလေး ရောက်သမျှ နေရာတိုင်းမှာ သူရှိတယ်။ ကောင်မလေး ကျောင်းသွားရင် နောက်ကနေ မသိအောင် တိတ်တိတ်လေး လိုက်တယ်။ ကောင်မလေး မုန့်ထွက်စားရင် ကောင်မလေး ထိုင်တဲ့ ဆိုင်နားမှာ သူရှိတယ်။ နောက်ဆုံး ကောင်မလေး အိမ်သာ သွားရင်တောင် လိုက်ဝင် သွားချင်တာ။ ဘယ်လိုမှ မဖြစ်နိုင်လွန်းလို့။ အဲဒီမှာတင် စိုးမိုးရဲ့ ရောဂါလေးက အစပျိုး ခဲ့တာပေါ့။

တစ်ယောက်တည်း ရှိတဲ့အချိန်ဆိုရင် ပါးစပ်က ဖွဖွလေး ရွတ်နေတတ်တယ်။ “ချာတိတ်” “ချာတိတ်” နဲ့။ ချစ်တော့သာ သေလောက်အောင် ချစ်တာလေ။ ဖွင့်လည်း မပြောရဲရှာတော့ သူ့စိတ်ကိုသူ ဖိအားတွေ ပေးထားသလို ဖြစ်နေပြီးတော့ တိုးတိုးလေးပဲ တမ်းတနေ ရတာပေါ့။ အဲ.. ဒီထက် တဆင့် တက်လာတော့ စကားက နည်းနည်း များလာတယ်။

 “ချာတိတ်ရယ်.. ချာတိတ်.. ချာတိတ်တော့ ချိတ်တာပေါ့နော်.. အင်းလေ.. ချာတိတ်ကို ဒေဒေလည်း ချိတ်တာပါပဲကွယ်.. စိတ်ထဲကပေါ့.. ပါးစပ်ကတော့ ဖွင့်မပြောရဲဘူးလေ.. အင်း.. ချာတိတ် ချာတိတ်”

အဲလိုမျိုး ဖြစ်နေရာကနေ အခြေအနေ ပိုဆိုးစရာ ကိစ္စက ဖြစ်လာတယ်။ ဘာလဲဆိုတော့ သူ့ရဲ့ ချာတိတ်လေး ယောက်ျား ယူတော့မယ့် သတင်းကို ကြားလိုက် ရတာပဲ။ အဲဒီမှာတင် စိုးမိုးရဲ့ အခြေအနေက တော်တော်လေး ဆိုးသွားတယ်။ တကယ့်ကို ကံဆိုးမိုးမှောင် ကျတဲ့နေ့ကတော့ သူ့ရဲ့ ချာတိတ်လေး မင်္ဂလာဆောင်တဲ့ နေ့ပဲ။ အဲဒီနေ့ တစ်နေ့လုံး စိုးမိုးမှာ မျက်ရည်နဲ့ မျက်ခွက်။ အဲ.. ညဘက်ကျတော့ သူ့စိတ်ကိုသူ ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘူး။ အဲဒါနဲ့ သူ့ချာတိတ်လေးနဲ့ သူ့ယောက်ျား နေမယ့်အိမ်ကို သူရောက်သွားတယ်။ ဟုတ်တယ်လေ။ သူက ချာတိတ်လေး ရောက်သမျှ နေရာတိုင်းမှာ ရှိနေကျပဲ မဟုတ်လား။ ဒါပေမဲ့ သူ ကံဆိုးပါတယ်။ သူ ပြန်တော့မယ်လို့ ရင်နာနာနဲ့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာပဲ ချာတိတ်လေးရဲ့ ယောက်ျားက မြင်သွားတယ်။ အင်း.. သူ့ကို တစ်ရပ်ကွက်လုံး သူခိုးဆိုပြီး ဝိုင်းရိုက် လိုက်ကြတာ.. ခေါင်းထိသွားပြီး သွက်သွက်ခါအောင် ရူးခဲ့တော့တာ ပါပဲ။

ဝိုင် ရူးပုံကျတော့ တမျိုး။ ဝိုင်က စိုးမိုးလို ရုတ်တရက် ရူးတာ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း သွားတာ။ သူက ငယ်ငယ် ကတည်းက အဲဒီ အခံလေး ပါလာတာလေ။ ဘာလို့လဲဆိုတော့ ငယ်ငယ်က ပုခက်ပေါ်က ခဏခဏ ပြုတ်ကျဖူးတော့.. ခေါင်းက အတွင်းဒဏ် ဖြစ်နေတာ။ တဖြည်းဖြည်း အသက်ကြီးလာလေ.. ရောဂါက ပိုဆိုး လာလေပဲ။ အရင်က ဝိုင်က အမြဲတမ်း ပြုံးနေတာပဲလို့ ထင်ကြတဲ့ သူတွေတောင် ဝိုင် ရူးတော့မှ သူပြုံးရတဲ့ အကြောင်းကို သိပြီး လန့်ကုန်ကြတာ။ သူက ယဉ်ယဉ်လေးပဲလေ။ မသိရင် လူကောင်းပဲ။ သူပြုံးနေပြီ ဆိုရင် သူ့မျက်လုံးကို သတိထား ကြည့်မိရင် သိသာတယ်။ မျက်လုံးက ကလယ် ကလယ်နဲ့.. ပန်ကာလို လည်နေတာ။ အဲ.. ဝိုင့်ကို တကယ် အရူးစာရင်း သွင်းရတဲ့ နေ့ကတော့ သူ့ ကောင်မလေး လေဖြတ်သွားတဲ့ နေ့ပဲ။

သူ့ကောင်မလေး လေဖြတ်သွားတော့ ဝိုင်လည်း စိတ်ညစ်တာပေါ့။ သူ့ရည်မှန်းချက်တွေ သွားပြီလေ။ ရေစုန်မျောပြီ။ အဲဒါနဲ့ အဲဒီည စိတ်ညစ်ညစ်နဲ့ အရက်တွေ မူးအောင် သောက်ပြီး ဆူးလေနားက ပလက်ဖောင်းပေါ် သွားအိပ်နေတာ။ ကံကလည်း တော်တော်ကို ဆိုးရှာပါတယ်။ သူ့လိုပဲ မူးလာတဲ့ တစ်ယောက်က ဟိုးဘက် ထိပ်ကနေ ခဲလုံးကို ခြေထောက်နဲ့ တအားလွှဲ ကန်လိုက်တာ အိပ်ပျော်နေတဲ့ ဝိုင့် ခေါင်းကို ကွက်တိ “ဒေါင်” ခနဲပဲ။ အဲ.. ဒါတောင် ဝိုင်က အမူးလွန် နေတော့ အိပ်ပျော်နေရင်း ရူးသွားတာ ချက်ချင်း မသိလိုက်ဘူး။ အိပ်ရာက နိုးမှပဲ ရူးမှန်း သိရတော့တာ။

ခုတော့ စုဘူးမှာ နာမည်ကြီးခဲ့တဲ့ သူငယ်ချင်း နှစ်ယောက် စိတ်ရောဂါကု ဆေးရုံမှာ ပြန်ဆုံနေ ကြပြန်ပြီ။ စိုးမိုးက “ချာတိတ် ချိတ်တာ သိက္ခာကျ ဟ ဟ ဟ” ဆိုပြီး တချိန်လုံး ထိုင်အော်နေ တတ်သလို ဝိုင် ကျတော့လည်း “ခဲနဲ့ပေါက် ခဲနဲ့ပေါက်.. ခေါင်းကို ခဲနဲ့ပေါက်လို့ ရူးပြီး ဂေါက်တဲ့အထိ” ဆိုပြီး အယ်လ်ခွန်းရီ သီချင်းကို ဖျက်ဆိုနေ တတ်ပြန်တယ်။ တစ်ခု ရှိတာက မရူးခင်တုန်းက စာပေကို ဝါသနာပါတဲ့ အခံလေးက ပျောက်မသွားဘူး.. နှစ်ယောက်စလုံးပဲ။ အားအားရှိ သီချင်းလေး အော်လိုက်.. မျက်လုံးလေး ထောင့်ကပ်ပြီး စာထိုင်ရေးလိုက်နဲ့။ တစ်ယောက် ရေးတာကို တစ်ယောက် ဖတ်ပြီး အေးအေးဆေးဆေးလေး ရူးနေကြတာ။ ခုလည်း စိုးမိုးရယ်ပေါ့။ သူ ရေးထားတဲ့ ဝတ္ထုဆိုပြီး စာအုပ်ကြီးတစ်အုပ် ဝိုင့်လက်ထဲ ထိုးထည့်ပြီး ဖတ်ခိုင်းတယ်။ ဝိုင်လည်း ဖတ်ရှာပါတယ်။ ဖတ်လိုက်.. ခေါင်းခါလည်ခါ လုပ်လိုက်၊ ဖတ်လိုက်.. သဘောကျသလို ပြုံးလိုက်၊ ဖတ်လိုက်.. စိတ်တိုလာရင် ထအော်လိုက်နဲ့.. နှစ်ယောက်တည်းကမ္ဘာ ဖြစ်နေတာ။ ဖတ်လို့ ပြီးသွားတော့ ဝိုင်က စိုးမိုးကို ဆရာကြီး လေသံနဲ့ ပြောတယ်။

“မင်း ရေးထားတဲ့ ဝတ္ထုလေး မဆိုးပါဘူးကွ.. ကောင်းပါတယ်.. ဒါပေမဲ့ ဇာတ်ကောင် တအား များတယ်၊ အဲဒီကျတော့ ဖတ်ရတဲ့သူက မနည်း လိုက်မှတ် နေရတယ်၊ အဲဒါလေး တစ်ခုပဲ ပြောစရာ ရှိတာပါ၊ တကယ်တော့ ဝတ္ထု ရေးတယ်ဆိုတာ..”

ဝိုင့်ရဲ့ ကြီးကြီးကျယ်ကျယ် စကား မဆက်ရသေးခင်မှာပဲ သူနာပြုဆရာမ တစ်ယောက် ဝင်လာတယ်။ ပြီးတော့ အားလုံး ကြားအောင် ခပ်ကျယ်ကျယ် အော်ပြောလိုက်တယ်။

“ဟေ့.. ငါ့စားပွဲပေါ် တင်ထားတဲ့ တယ်လီဖုန်း မှတ်တမ်း စာအုပ်ကို ဘယ်သူ ယူသွားတာလဲ ဟေ့..”

အင်း.. တစ်ချိန်က စုဘူးမှာ နာမည် ကြီးခဲ့တဲ့ စိုးမိုးနဲ့ ဝိုင်တို့ ဘာတွေ ဆက်ဖြစ် ကြဦးမလဲ.. မသိတော့ပါဘူး။

မှတ်ချက် - ဆရာ မောင်ကောင်းထိုက်(နှီးပဒေါ)၏ ဘာသာပြန် ဟာသတစ်ပုဒ်အား မှီငြမ်းရေးသား ပါသည်။

သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

No comments:

Post a Comment