Saturday, February 21, 2009

လွှင့်မပစ်ကြေး


ဟိုးဝေးဝေး တနေရာဆီလည်း
ကောင်းကင်ကတဆင့် ဆက်သွယ်ကြည့်တယ်
အလင်းတို့ တောက်စုန်းနီပျိုးကြ
လွှင့်မပစ်ကြေး
မဝေးပါဘူး ကောင်မလေးရယ်။

“မင်းကိုတွေ့ရင် ပြုံးနေခဲ့တာပါပဲ” လို့
ကိုယ့်စကားက
မင့်ကျန်းမာရေးအတွက် မနောနဲ့ကုတဲ့ဆေး
ဒီမှာ ကဗျာက လှချင်တိုင်းလှလာတယ်
ဘာပဲဖြစ်ဖြစ် လွှင့်မပစ်ကြကြေးကွယ်။

စိမ်းလန်းပါစေသား
ရှင်သန်ပါစေသား
သစ်ပင်တွေထက်ပို
ကိုယ်တို့ ဆုတောင်းဖို့လိုပေမယ်။

ကိုယ့်ရပ်ဝန်းမှာ မင်းနာမကလေး သိမ်းထား
မင့်နှုတ်ဖျားမှာ ကိုယ့်ကို အားထားသံလေးသိမ်းထား
ဘယ်သွားသွား လွှင့်မပစ်ကြကြေး
အဲဒီတေးကို ခပ်ဖွဖွလေးဆိုပေါ့။

လွှင့်မပစ်ကြေး
လွှင့်မပစ်လိုက်ကြေး
ကောင်မလေးရေ
မမြင်ရသေးတဲ့မနက်ဖြန်များ ညှိုးရော်မသွားကြဖို့ရာ
ကိုယ်တို့ လက်တကမ်းအဝေး
လက်တကမ်းလေးတောင် အဝေး
တစ်ယောက်ကိုတစ်ယောက် လွှင့်မပစ်ကြကြေးကွယ်။

 

သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment