ထွက်ခွာခွင့်မရှိတဲ့ရထားလို
မစခင်ကတည်းက ဆုံးနှင့်
ငါ့ရင်ထဲ အရှုံးနိမိတ်တွေ စုန်းတောက်လင်းလျှံကြပုံက
ပြင်းထန်လွန်းခဲ့
ခုံတန်းလေးပေါ်က ဘေးချင်းကပ်နတ်သမီးရယ်
ဒီထက်ပိုနီးလည်း ဒီထက်ပိုမနီးနိုင်တော့ဘူးထင်ရဲ့ကွယ်။
နေဝင်ဖျိုးဖျ ဆည်းဆာရောင်အောက်မှာ
တစ်ယောက်တည်း ထိုင်နေခဲ့မိတဲ့ညတွေမှာ
သက်ပြင်းမောကိုပဲ အခါခါလွှတ်ထုတ်မိ
အိပ်မက်ဆိုးဆိုတာ
မအိပ်ပဲနဲ့လည်း မက်တတ်တာပါပဲလားကွယ်။
အခြားတပါးသောအရပ်မှာ
အခြားတပါးသော မင်းမရှိတဲ့အရပ်မှာ
ကိုယ့်ကိုယ်ကို ဘယ်လိုများပြုစုပျိုးထောင်ရမလဲ။
ခြောက်ခြောက်ခြားခြားအတွေးက
ငါ့ကမ္ဘာကို မိုးထား
အလဲလဲအပြိုပြို စခဲ့တဲ့ရင်ခုန်ခြင်းဟာ
ရှုံးနိမ့်ခါနီးထိ ပြန်လည်တည့်မတ်လို့မရခဲ့
နှုတ်ခမ်းဖျားမှာက အထီးကျန်ကဗျာ
ကောင်မလေးရယ်.. မဖြစ်နိုင်ခြင်းတွေဟာ
မှောင်တက်လာတဲ့ မိုးသားလိုပဲ
ညှိုးသည်းစွာရွာချတယ်။
တို့နှစ်ယောက်ဟာ ဒီထက်ပိုနီးလည်း
ဒီထက်တော့ ပိုမနီးနိုင်တော့ဘူးထင်ပါရဲ့ကွယ်။
သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment