Monday, February 23, 2009

ညီမလေး (သို့) မေ့မပစ်နိုင်တဲ့ကဗျာ


မင့်မျက်နှာလေးအကြောင်း တွေးကြည့်ရုံနဲ့တင်
ကိုယ့်မှာက
အလင်းပွင့်တွေ ရုတ်တရက် ထ, တောက်လာသလိုမျိုး
စပယ်နံ့တွေ ချက်ချင်းမွှေးလှိုင်လာသလိုမျိုး
ရင်နဲ့မဆန့်လို့တောင်
ခုလို ကဗျာတွေထဲ သိမ်း, သိမ်းထားရတာပါ ညီမလေးရယ်။

ကိုယ်မပိုင်သေးသော မင့်ကိုယ်သင်းနံ့လေးကို
ပြီးခဲ့တဲ့ညနေဆီက ခဏပြန်ငှား
တဖွားဖွားမြန်လာတဲ့ ရင်ခုန်သံနဲ့
ချစ်သောညီမလေးကို မျက်လုံးစုံမှိတ်ပြီး လှမ်းကြည့်မိတယ်။
ပြုံးနေပါရဲ့လားကွယ်။

ကိုယ် အိမ်မပြန်ချင်တော့တဲ့ စိတ်ကူးမှာ
ညီမလေးရဲ့ ခပ်ဆိုးဆိုးဗိုလ်ကျမှုတွေလည်းပါ
ကိုယ့်အပေါ် မှီခိုအားကိုးခြင်းတွေလည်းပါ
ကိုယ် ရုပ်သိမ်းလိုက်တဲ့ အကျင့်ဆိုးထဲမှာ
ညီမလေးချမှတ်တဲ့ တစ်ချက်လွှတ်အမိန့်တွေလည်း ပါလေရဲ့
ကိုယ် အရင်လို မဆိုးတော့ပါဘူးကွယ်။

အဲဒီလို
ရင်ကိုလှိုက်စားပစ်ခဲ့သော ညီမလေးရောဂါက
ကိုယ့်အတွက်တော့
အဆုံးမရှိနိုင်သော ကောင်းကင်တော်လို ရှည်ရှည်လျားလျား။

မမေ့ဘူး
ဘယ်တော့မှ မေ့မပစ်ပါဘူးညီမလေးရယ်။

 

သူရဿဝါ
၂၃ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com

No comments:

Post a Comment