တနေ့တော့
ကိုယ်နဲ့ဆန့်ကျင်ရာအရပ်ကို
မင်းမျက်နှာမူပါလိမ့်မယ်။
ကိုယ်ထင်ထားသလို အညောင်းပြေအညာပြေမဟုတ်ဘူးဆိုတာ
ကိုယ်မျှော်လင့်သလို ခရီးသွားဟန်လွဲမဟုတ်ဘူးဆိုတာ
မင်းအရိပ်ကလေးကိုလွမ်းရင်း ကိုယ်သိလာလိမ့်မယ်။
ဥဩငှက်တို့ ဆွေးဆွေးရီရီတေးသီတဲ့အခါ
အမှတ်တရ တစ်ချို့တလေက ရင်ကိုဝင်တိုက်တဲ့အခါ
လွမ်းစရာဂီတသံတွေ ကြားမိတဲ့အခါ
ကိုယ့်စိတ်တွေ ထစ်ထစ်ချုန်းချုန်း အုံ့လာလိမ့်မယ်။
အဲဒီ တနေ့မှာ
ရှင်သန်ထမြောက်ရာ အလွမ်းက
ကိုယ့်ဆီ နောက်တစ်ကြိမ်ဝင်ရောက်ခိုလှုံလာလိမ့်မယ်။
ကိုယ် မျက်ရည်ကျမိပါလိမ့်မယ်။
အဲဒီ တနေ့မှာ
မင်းရှိတတ်သော နေရာတွေကို ရောက်ချင်ရောက်မိလိမ့်မယ်၊
မင်းသိမှတ်သော အရာတွေကိုလည်း ဖျောက်ချင်ဖျောက်မိလိမ့်မယ်၊
မသေချာဘူး။
ကိုယ့်ကိုယ်ကိုယ် တည့်မတ်စေနိုင်လိမ့်မယ်လို့မထင်ဘူး။
အဲဒီ တနေ့မှာ
ကိုယ့်နှလုံးအိမ်ထဲ
မင်းအသံတွေချည်းပဲ ရိုက်ခတ်နေခဲ့တဲ့အကြောင်း
မင်းသိလာလိမ့်မယ်။
အဲဒီအခါ ခဏလောက်တော့ ကိုယ့်ကိုမင်းသတိရမိမယ်။
မင်း ရယ်ချင်လည်းရယ်နေပါလိမ့်မယ်။
နာရီအနည်းငယ်ကြာပြီးနောက်
ဒါမှမဟုတ် နာရီများစွာကြာပြီးနောက်
အဲဒီတနေ့ရဲ့ နောက်တနေ့မှာ
ကိုယ်နဲ့ ကိုယ့်အလွမ်းတွေဟာ
ထူးဆန်းစွာပဲ ပျောက်ကွယ်သွားပါလိမ့်မယ်။
သူရဿဝါ
၂၁ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment