Thursday, February 12, 2009

သံစဉ်ဆူးနဲ့ ရူးတဲ့ည


C, Cmaj7, Em, G

လမ်းခွဲတစ်ခုမှာ ငြိမ်သက်ဆဲ.. ကိုယ်စီဒဏ်ရာများနဲ့.. ပြည့်နှက်ဆဲပဲကွယ်..

အယ်ဖြူဆိုခဲ့ဖူးတဲ့သီချင်း.. “နောက်ဆုံး”

ကြေကွဲတိုးဖွ ဆိုနေမိရင်းကပဲ ခံစားချက်တွေ တစ်လွှာပြီး တစ်လွှာ ကွာကျ လာတယ်။ ထိတွေ့လို့ မရတဲ့ စေ့ဆော်မှု တမျိုးပေမယ့် နာကျင်မှု ကိုတော့ သိနေခဲ့။ ကောင်မလေး၊ ကိုယ်စောင့် နတ်သမီးလေးရယ်.. သိသိကြီးနဲ့ပဲ ကိုယ်က ဝေဒနာကို ပျိုးယူနေ ခဲ့မိတာပါ။ ခေတ်ပေါင်း များစွာ ဖြတ်သန်းပြီးမှ ပစ္စုပ္ပန်ကို ရောက်လာ ရသလိုပဲ၊ နောက်ကျ၊ မောပန်းတကြီး ဆို့နင့်။ အိုး.. မမြင်ရတဲ့ နန်းကိုမှ ကိုယ်ဘာလို့ လှမ်း.. မှန်းခဲ့ မိသလဲကွယ်။ တခါက ရေးခဲ့ဖူးသလို ဂစ်တာကြိုး တွေကိုပဲ စိတ်နာနာနဲ့ ရိုက်ခတ် နေမိ။

 

Slow Go Go, Intro

C, G, D, G, C, D, G

အဝေးကို မျှော်ငေးရင်းနဲ့.. ရင်မှာ.. ဒဏ်ရာတွေရခဲ့..

ရေးထားမိတဲ့ သီချင်းနဲ့ ကိုယ် တစ်ယောက်တည်း အက်ကွဲတိုးလျ။ ညမှာ ထွက်လာတဲ့ သီချင်းသံက ပျံ့နှံ့စီးမျော။ ကြယ်တွေဆီ စီးမျော၊ လမ်းထိပ် အုတ်ခုံလေးဆီ စီးမျော၊ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ဆီ စီးမျော။ ကိုယ်က ဘာလို့များ မကြားနိုင် ခဲ့တာပါလဲ၊ ခပ်တိုးတိုးဖွဖွ ဆက်ဆို နေမိတယ်။

 

တမ်းတရင်း မျှော်ငေးမိ.. ဟိုးအဝေး တနေရာဆီ.. ဆုံးရှုံးသွားမလား ကိုယ်မသိချင်ဘူး..

မသိချင်ဘဲ သိလိုက်ရလို့ ဒုက္ခရောက် ကြသူတွေ.. ဘယ်နှနွေ ဘယ်နှမိုး တိုင်ခဲ့ပြီ မသိနိုင်ဘူး။ ကိုယ်ကရော.. အချစ်အတွက် ဘယ်နှယောက်မြောက် ဝါကျင် စုတ်ပြဲသွားတဲ့ ဒိုင်ယာရီ စာအုပ်လဲ။ ရှေ့က ကော်ဖီခွက် လေးကိုပဲ တိုင်တည်ရင်း သီချင်းဆက် ဆိုနေခဲ့ရတယ်။

 

မျိုသိပ်ရင်းနဲ့ ဆွံ့အ.. ဒီနှုတ်ခမ်းများက..

ဟင့်အင်း.. ဟင့်အင်း.. ဆက်မဆို ပါနဲ့တော့။ ဆက်ဆို နေမိရင် ကိုယ်စိတ် မထိန်းနိုင်လို့ အပိုင်းပိုင်း ရိုက်အချိုး ခံလိုက်ရနိုင်တဲ့ ဂစ်တာက ကိုယ့်ကို မုန်းသွားလိမ့်မယ်။ စိတ်ချပါ.. ကိုယ် ဘယ်လောက်ပဲ ပူလောင်ပါစေ.. ကိုယ့် အနုပညာ မှန်သမျှ ဘာလောင်းရိပ်မှ မမိစေရ ပါဘူးကွယ်။ ဒီည ဘာလို့ ကြယ်မကြွေ တာလဲ။ ကိုယ် မျှော်လင့် မိပါတယ်။ ကြယ်ကြွေ ကျပါစေ။ ကိုယ့်ကိုယ်ကိုယ် တောင်းလို့ မရနိုင်တော့တဲ့ ဆုလာဘ် တွေအစား ကြွေကျလာမယ့် ကြယ်လေး အတွက် မျက်စိ စုံမှိတ်ပြီး တစ်ခုခု မျှော်လင့် ပေးချင်တယ်။ ကိုယ်ကပြန်ပြီး ကရုဏာသက် ကြည့်ချင်တယ်၊ ကရုဏာပေါင်း များစွာကို လက်ခံရင်း ကိုယ် အသက်ရှူ ခဲ့ရတာ များလှပြီ။ စိတ်ကို ခဏလေး ငြိမ်သက်အောင် ထားပြီး လွမ်းလွမ်းလျလျ အမှောင်ညထဲမှာ ထိုင်နေမိတယ်။ ခဏလေး.. တကယ့်ကို ခဏလေး။ စာသားတွေ စီရရီ ပြန်ဝင်လာ ကြပြန်တယ်။

 

She looks so happy in her wedding dress

အို.. ကိုယ် မငြင်းဆန် ရက်တော့ဘူး။ အလိုလို စီးမျောလာတဲ့ အနုပညာ ဝိညာဉ်ကို ငြင်းဆန်ဖို့ ကိုယ် မတတ်နိုင် တော့ဘူး။ 25 minutes သီချင်း၊ ကော့ဒ်တွေ မလိုဘူး။ လက်ခတ် တစ်မျိုးမျိုး မလိုဘူး။ ဂစ်တာတောင် မလိုအပ်ဘူး။ မင်းကြားအောင် ကိုယ် ဆိုပြနိုင်ပါရဲ့။

 

Boy I miss you kisses, All the time but this is, 25 minutes too late, We will travel so far, Boy I’m sorry you’re, 25 minutes too late,

အလင်းထက် မြန်တဲ့ အသိစိတ်ပေါင်း များစွာကို လိုက်ဖမ်းဖို့တောင် နောက်ကျ ခဲ့တာလေ.. ၂၅ မိနစ် လောက်ကိုတော့ ထူးပြီး ကြေကွဲ မနေချင်တော့ ပါဘူးကွယ်။ အရာရာ.. .. နောက်ကျ။

 

I can still hear her say, I can still hear her say

တစ်စုံတရာ ပြောဖို့ ခွန်အားတွေသာ ကိုယ့်မှာ မရှိခဲ့တာပါကွယ်.. မင်းပြောသမျှ ကိုတော့ ခုထိ ကြားယောင် နေခဲ့ပါတယ်.. ကြားယောင်နေ ခဲ့ပါတယ်။ နေရာတကာ ငြိမ်သက်။ ကြယ်လည်း မကြွေ၊ ကိုယ့် စိတ်တွေလည်း ပြန်ပြီး ဝေမလာခဲ့ တော့ဘူးကွယ်။ ခပ်မဆိတ်ပဲ ဂစ်တာကို သိမ်းလိုက်ပြီ။ ကြေကွဲစိတ် ကိုလည်း ပြန်သိမ်းလိုက်ပြီ။ ခဏနေတော့..

 

မျက်လုံးတွေ အတင်းစုံမှိတ်၊ ကိုယ်.. အိပ်ပစ်လိုက်ပါတော့တယ်။

 

သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

1 comment: