Saturday, January 03, 2009

တမလွန်၏ အနားစွန်းဝယ်


မမြင်ရတဲ့ကောင်က
ရှေ့ကို တရွေ့ရွေ့တိုးလာတယ်
ပကတိ သိုသိပ်နက်နဲစွာ။

တခါတခါ လှစ်ခနဲချောင်းကြည့်တယ်
တခါတခါ ကိုယ်ထင်ပြသတိပေးတယ်
သေချာမကြည့်ရင်
အစွယ်တွေပါမှန်းမသိရဘူး။

ဒီကောင့်မှာ လက်ချောင်းတွေရှိတယ်
ပစ္စည်းဥစ္စာကို မမှုတဲ့
တောင့်တင်းသော ကိုယ်ခံအားကိုမမှုတဲ့
ထုထည်ကြီးကြီး လက်ချောင်းတွေရှိတယ်
လက်ယပ်ခေါ်လိမ့်မယ် တဖြည်းဖြည်းချင်း။

ဒီကောင်က ကိုယ်ဖျောက်တတ်တယ်
ခါးသလား ချိုသလား
ညိုသလား မည်းသလား
သည်းသလား ပါးသလား
ကျုပ်တို့မမြင်ရအောင် ခပ်ဝှက်ဝှက်နေတယ်
ဒါပေမဲ့ အနီးကပ်ဆုံး။

ဒီကောင့်မှာ မေးခွန်းတွေရှိတယ်
ဘာလုပ်ခဲ့သလဲ
ဘာလုပ်နေသလဲ
ဘယ်ကိုသွားချင်လဲ
အထပ်ထပ်မေးနေကျ မေးခွန်းတွေရှိတယ်
ဒါပေမဲ့ အဖြေတစ်ခုတည်းပဲ
ထပ်တလဲလဲ လက်ခံပြန်တယ်
“မင်းပြုသမျှက မင်းကုသလ” ပဲ။

မမြင်ရအောင် ကိုယ်ဖျောက်ပြီး
လက်ချောင်းမည်းမည်းကြီးတွေကို သုံးပြီး
အစွယ်တွေကို (တခါတခါ) လှစ်ပြပြီး
မေးခွန်းတွေမေးပြီး
ကျုပ်တို့နားကို တဖြည်းဖြည်းချင်း
ဒီကောင်တိုးလာတော့တယ်။
အဲ့ဒီနောက် အရာရာ တိုးတိတ်မှောင်မိုက်စွာ။

 

သူရဿဝါ
၀၃ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment