အခုအချိန် ကစပြီး အွန်လိုင်း ဖျော်ဖြေရေး ချယ်နယ်လ် တစ်ခု ဖြစ်တဲ့ SBtv (စုဘူးတီဗီ) ကနေပြီး ဖတ်ရှုသူ ပရိသတ် အပေါင်း မျက်စိ ညောင်းပြီး၊ စိတ်ပါ နောက်သွား ရလေအောင် ရည်ရွယ်ပြီး လိုင်းပေါင်းစုံ ဖျော်ဖြေရေး များကို စတင် တင်ဆက် ပါတော့မယ်။ အစီအစဉ် တင်ဆက်သူ (Presenter) အဖြစ် ကျွန်တော် “သူရဿဝါ” နဲ့ ကျွန်မ “တခါတခါ လှတဲ့ ဝါဝါမ” တို့က တာဝန် ယူပါမယ် ခင်ဗျန်။ (မှတ်ချက် - ခင်ဗျာနှင့် ရှန် နှစ်သံပေါင်း ထွက်ရာမှ ခင်ဗျန် ဖြစ်သွားရခြင်း ဖြစ်ပါသည်)
SBtv သတင်းအစီအစဉ်
သတင်း ခေါင်းစဉ် - မိုင်စုဘူး ဒေါ့ကွန်းမှ အွန်လိုင်း အလွမ်းဘုရင် ကိုဖြိုးနွယ်၏ သတ်ပုံ မှားသည့်ပါး။
သတင်း မစုံမလင်မှာ.. အဲလေ၊ သည်းခံ တော်မူပါ ခင်ဗျန်.. သတင်း အစုံအလင်မှာ.. ယမန်နေ့ ညနေ အရုဏ်တက် ရှစ်နာရီခန့်က ၎င်းချစ်ကြိုက် နေသည့် ကောင်မလေးအား ရည်းစားစာ ပေးရန် အလို့ငှာ ကိုဖြိုးနွယ် တစ်ယောက် သူမ၏ အိမ်သို့ ရောက်ရှိ ခဲ့ပါသည်။ မော်ဒန် ကဗျာဆရာ တစ်ဦး ဖြစ်သည် နှင့်အညီ သူရေးသည့် စာကိုပင် သူနားမလည်ဘဲ၊ အဲ.. သည်းခံ တော်မူပါ ခင်ဗျန်.. မော်ဒန် ကဗျာဆရာ တစ်ဦး ဖြစ်သည် နှင့်အညီ ဖွဲ့နွဲ့ မနေဘဲ “မင်းကိုယ့်ကို ဘယ်လောက် မုန်းမုန်း ကိုယ်ကတော့ ဘယ်တော့မှ မမုန်းပါဘူး ညရေးရယ်” ဟူ၍ တစ်ကြောင်းတည်း ရေးထားသော စာကို ပေးလိုက် ပါသည်။ ထိုစာကို ဖတ်အပြီးတွင် ကိုဖြိုးနွယ်အား သူ၏ ချစ်တုံးလေးမှ အသံ အောင်စွာဖြင့် “ဖြောင်” ခနဲ အံ့အားသင့် ဖွယ်ရာ ချစ်အဖြေ ပေးလိုက် ပါတော့သည်။ အဘယ်ကြောင့် ဆိုသော် ညက မူးမူးနှင့် ရေးထား သောကြောင့် (ခေါင်းမူးတာ ပြောပါတယ်) “ဟထိုး” နှင့် “တချောင်းငင်” မှားကာ “မင်း ကိုယ့်ကို ဘယ်လောက် မှန်းမှန်း ကိုယ်ကတော့ ဘယ်တော့မှ မမှန်းပါဘူး ညရေးရယ်” ဟု ဖြစ်သွား သောကြောင့်ပင် ဖြစ်ပါသည်။ ဤတွင် သတင်း များကို ကြေညာလို့ ပြီးပါပြီ ခင်ဗျန်။
SBtv တေးဂီတအစီအစဉ်
ယခုတဖန် တင်ထွက်ဖို့ အဲ.. တင်ဆက်ဖို့ အလှည့်ကျလာ တာကတော့ ကာလ ကတ္တားမှာ ဂီတ ဂရမ်မီ အုတ်နီခဲ ဆုပေါင်း ၃၇၈ ဆုတိတိ ရယူ လာခဲ့တဲ့ အဆိုတော်မလေး ဆမာဆူ ချွတ်ကရီးပဲ ဖြစ်ပါတယ် ခင်ဗျန်။ စိတ်ပျက် ရှုစားတော်၊ အဲလေ.. ဆက်လက် ရှုစားတော် မူကြပါ ခင်ဗျန်။
“အမာတခါ.. စဒီးမားဒန်.. အဒယ်.. ဟရေး.. ချာပါတီ ဂျလေဘီ..” (ထိုသို့ ငါးမိနစ်ခန့် ဆွဲဆွဲငင်ငင် အော်ပြီးမှ) “အင်ထဒို ဝင်လို့ ပြီးပါဘီချင်.. သီချင်း စဆိုပါ ဒေါ့မယ်.. နားဆင်ဒေါ် မူကြဘာ ချင်..”
“ဆမာဆူ့ ဆာရီဖိုး ပါနီ ရှာရဒယ်.. ကန်ကလေး ချာပါတီဖိုး ပါနီ ရှာရဒယ်.. ဟရေး မိသားစု ခါနာဖိုး ပါနီ ရှာရတယ်.. x + ၀ = @ # $ * + ၀ x”
(ထို့နောက် ဆမာဆူ ချွတ်ကရီးက ဆက်၍)
“သီချင်းလေး ထဲက ပရိသတ်ကြီး မတိဘူးလို့ ထင်ဒါ လေးဒွေ ပြောပြ ပါမယ်ချင်.. ပါနီက ပိုက်ဆံ ဖြစ်ပါတယ်၊ ကန်ကလေး ဆိုတာက အားကြီး ချစ်ဖို့ ကောင်းဒဲ့ ချစ်ချစ် ဖြစ်ပါဒယ်၊ ခါနာ ကတော့ ထမင်း ဖြစ်ပါတယ်.. ကျေးဇူး တင်ဘာဒယ်ချင်..”
SBtv ကြော်ငြာအစီအစဉ်
“လိန်လိန် တို့ကတော့ အိုးတိုက် ဖွဲပြာနဲ့ တိုက်တဲ့ မိန်းကလေး ကိုပဲ ယူ.. မှာ..”
ကုန်ပစ္စည်း အမည် - လိန်လိန်ငယ်ငယ် အိုးတိုက်ဖွဲပြာ
သရုပ်ဆောင် - လူလိန်
“ဇေဇေးရဲ့ အသားလေး ဒီလို မည်းပြောင် ပျောက်ရှ နေတာ ဟောဒီ Perfume တံဆိပ် အသားပွ ဆပ်ပြာကို မှန်မှန် တိုက်လို့ပါ။ ဒီဆပ်ပြာဟာ ဆိုရင် ခွေးလှေးယားသီး ကနေ ဖော်စပ် ထားတဲ့ ယားနာပါဖွန်း အမျိုးအစားပါ။ တိုက်လေ ယားလေ၊ ယားလေ တိုက်လေနဲ့ ထူးခြားတဲ့ စပ်ဖျင်းဖျင်း အရသာမျိုးကို ခံစားစေ ရပါမယ်။ ဒါ့ပြင် ကြွက်ချစ်စေတဲ့ ဝက်သားနံ့ ဆပ်ပြာအဆီ ကိုလည်း အသစ်စီမံ ထုတ်လုပ်ဖို့ ကြံစည် နေကြောင်း သတင်းကောင်း ပါးအပ်ပါတယ်”
ကုန်ပစ္စည်းအမည်
- Perfume အသားပွဆပ်ပြာ
သရုပ်ဆောင် - မာဇေး
SBtv ပဟေဠိရမ်းဆော်အစီအစဉ်
ဒီအစီအစဉ် လေးမှာ ဒီနေ့ ပါဝင် ဆင်နွှဲဖို့ အလှည့်ကျလာ တာကတော့ မောင်လေးဝိုင် ဖြစ်ပါတယ် ခင်ဗျန်။ ဒီအစီအစဉ်ကို အဓိက ကူညီပံ့ပိုး ပေးတဲ့ Main Sponsor ကတော့ “ရွှေဘုန်းလူနှင့် မယားပါ သားများ ဇာဘော်လီ” ဖြစ်ပါတယ်။ ဒီပဟေဠိ ရမ်းဆော် အစီအစဉ်မှာ မေးခွန်း လေးကို မှန်အောင် ဖြေနိုင်ရင် ဆုရွေးချယ် ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။ ကဲ.. စလိုက် ကြရအောင်။
“ဒီနေ့ရဲ့ မနေ့က တနင်္ဂနွေနေ့ ဖြစ်ပြီး ဒီကနေ့ရဲ့ ဖိန်းနွဲခါရဲ့ သန်ဘက်ခါက စနေနေ့ ဖြစ်တယ် ဆိုရင် ဒီနေ့ ဘာနေ့ ဖြစ်မလဲ.. သေချာ စဉ်းစားပြီး ဖြေပါ”
“အင်း.. ဒီနေ့ဟာ ရုံးတက်ရက် ဖြစ်ပါတယ်”
“မှန်ပါတယ်ကွယ်.. မောင်လေး ဝိုင်ရဲ့ အဖြေ သောက်သောက်လဲကို မှန်ပါတယ်.. ဒီတော့ ရွှေဘုန်းလူနှင့် မယားပါ သားများ ဇာဘော်လီက ချီးမြှင့်မယ့် ဆုတွေကို ရွေးချယ်ခွင့် ရှိသွား ပါပြီနော်.. မောင်လေးနဲ့ အတူ ကူညီ ရွေးချယ်ပေးဖို့ မငယ် ကိုလည်း ဖိတ်ခေါ် ထားပါတယ်။ ပြီးတော့ Presenter အဖြစ် ကိုဇော်ဝင်းမြတ်က မေတ္တာမဲ့ ကူညီ ပါလိမ့်မယ်.. ရွေးနည်း ကတော့ သိမှာပါနော်.. ပေးထားတဲ့ ဆုတွေထဲက တစ်ခုချင်း ဖယ်ထုတ်သွားပြီး တစ်ခုမှ မကျန်ရင် အိမ်ပြန်လို့ ရပါပြီ၊ အဲလေ.. နောက်ဆုံး ကျန်တဲ့ တစ်ခုက မောင်လေး အတွက်ပါ.. မောင်လေး ကံကောင်း ပါစေကွယ်”
(ကူရွေးမည့် မငယ်က ဝိုင့် ဘေးနားသို့ ကပ်လာပြီး)
“မောင်လေး.. ဘာမှမပူနဲ့ သိလား.. မမ ကူရွေး ပေးမှာပေါ့.. ညှင်းညှင်းညှင်း..”
(Presenter ကိုဇော်ဝင်းမြတ် တက်လာပြီး)
“ကဲ.. ညီလေး စလိုက်ကြ ရ.. ရ..”
“ကလင် ကလင် ကလင်”
“ခဏလေးနော် ညီ.. ဖုန်းလာလို့..”
(ဖုန်းကိုကောက်ကိုင်လိုက်ပြီး)
“ဟယ်လို.. ဟုတ်ကဲ့.. ဟုတ်ကဲ့.. မေးကြည့် လိုက်မယ်လေ..”
(ဖုန်းချလိုက်၍ ဝိုင့်ဘက်လှည့်လိုက်ပြီး)
“ကဲ.. ညီလေး.. တစ်ခုမှ မရွေးဘဲ ခုကတည်းက ရပ်လိုက်မယ် ဆိုရင် ညီလေးကို အိမ်ပြန် ဘတ်စ်ကားခနဲ့ ရေခဲရေဖိုး ချီးမြှင့် ပါမယ်တဲ့.. ဘယ်လိုလဲ”
“ဟမ်.. မရပ်ပါဘူး.. ရွေးမှာပေါ့”
(ထို့နောက် မငယ်နှင့် ဝိုင် အနည်းငယ်တိုင်ပင်၍)
“နံပါတ် ၃ ကို အရင် ပယ်မယ်”
“ဟုတ်ပါပြီ.. ညီလေး ပယ်လိုက် တာကို ကြည့်ရအောင်၊ ကဲ.. ညီလေး ပယ်လိုက်တာ ကတော့ အထူးဆု ဖြစ်တဲ့ စပရိန် စိန်စီ ဇာဘော်လီ ပါတဲ့ဗျား”
(ထိုအခါ မငယ်က ဝိုင့်ဘက်သို့ ဒေါသတကြီးလှည့်၍ ခေါင်းကိုလှမ်းခေါက်ပြီး)
“ဟင်.. နင်တော်တော် အသုံးမကျတဲ့ကောင်.. နင်တော်တော် လပ်ကီး မရှိတဲ့ကောင်”
(ဝိုင်က မသိချင်ယောင်ဆောင်၍)
“နံပါတ် ၂ ထပ်ပယ်တယ်”
“ဟုတ်ပါပြီ.. ညီလေး ထပ်ပယ်လိုက် တာကတော့ သံယောဇဉ်နှင့် ဥစ္စာစောင့်များ ရွှေဆိုင်က ချီးမြှင့်တဲ့ သိန်းသုံးထောင်တန် ရွှေသွားကြားထိုးတံပဲ ဖြစ်ပါတယ်၊ ကဲ… နောက်ဆုံး ကျန်တဲ့ နှစ်ဆု ထဲက တစ်ဆုကို ပယ်ပါဦး ညီလေးရေ..”
(မငယ်က ဝိုင့် ခေါင်းကိုထပ်ခေါက်၍)
“ဟင်.. နင်တော်တော် အသုံးမကျတဲ့ အကောင်.. နင်တော်တော် ခေါင်းမရှိတဲ့ အကောင်.. နင် တော်တော် လပ်ကီး မရှိတဲ့ အကောင်.. ငါရွေးပြမယ် ကြည့်ထား.. နံပတ် ၄ ပယ်မယ်”
“ဟုတ်ပါပြီဗျာ.. ဒီတစ်ခါ ထပ်ပယ်လိုက် တာကတော့ မာမီစိုးမိုးနှင့် အချော်တကောက်များ အလှ ပြုပြင်ရေးမှ ချီးမြှင့်တဲ့ ငွေသားစစ်စစ် ချည်မျှင် ဆံပင်တု ဖြစ်ပါတယ်.. နောက်ဆုံး ကျန်တဲ့ ဆုဟာ ညီလေး ရမယ့်ဆု ဖြစ်သွား ပါတယ်.. အဲဒီ ဆုလေးကို ကြည့်ရအောင်.. ကဲ.. ညီလေးဝိုင် ရသွားတာ ကတော့ ဘာမှမပါ ကံစမ်းမဲ ပါတဲ့ဗျား.. ဒါကြောင့် ညီလေး.. အိမ်ပြန်ချင် ပြန်လို့ ရပါပြီ.. ညီလေး ဝိုင်ကို ကူညီ ချောက်တွန်း ပေးခဲ့တဲ့ မငယ် ကိုလည်း ကျေးဇူး အထူးတင်ရှိ ပါတယ်.. နောက်လာမယ့် အစီအစဉ် တွေမှာလည်း ခုလို အချိန်ကုန် လူပန်းပြီး ဗလာဆု လေးတွေ ရယူဖို့ ကျွန်တော် တို့ရဲ့ ပဟေဠိ ရမ်းဆော် အစီအစဉ်မှာ ပါဝင်ကြ ပါလို့ တိုက်တွန်းရင်း..”
SBtv နောက်တစ်နေ့အစီအစဉ်
ကျွန်တော်တို့ SBtv (စုဘူးတီဗီ) ရဲ့ မနက်ဖြန် အစီအစဉ် များကို လွှင့်ချင် လွှင့်မယ်၊ မလွှင့်ချင် မလွှင့်ဘူး ဆိုတဲ့အကြောင်း ကြိုတင် ကြေညာ အပ်ပါတယ်။ SBtv (စုဘူးတီဗီ) နဲ့ ပူးပေါင်း ပါဝင်ပြီး အစီအစဉ် အသစ်တွေကို ထုတ်လွှင့် ချင်တယ် ဆိုရင်တော့ ThuRaThaWah's Profile (Mysuboo.com) ကို ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့ သတင်းကောင်းပါး အပ်ပါတယ် ခင်ဗျန်။
သူရဿဝါ
၁၄ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment