Friday, December 12, 2008

ပိုးကိုက်ခံထားရတဲ့ အတောင်ပံတစ်စုံ


ခန်းဆီးတစ်ချပ်ကိုဖွင့်ဖို့ ဘာတွေလိုအပ်ခဲ့ပါသလဲတဲ့။
ကိုယ့်ဘာသာ ပြန်မဖြေနိုင်သေးတဲ့ မေးခွန်းတွေနဲ့
အတ္တအမှားတွေကို တံခါးပိတ်ပြီး ဆက်ကျင့်မိတယ်

ညီမလေးရေ..
အဲဒီခန်းစီးကိုဖွင့်ဖို့သော့က ဘယ်မှာတဲ့လဲကွယ်
တစ်ခါတလေတော့လည်း မေးခွန်းတချို့အတွက်
အဖြေကိုမသိလိုက်ရတာက ပိုကောင်းလိမ့်မယ်။

ကိုယ့်မှာက ထိထိရှရှအလွမ်းတချို့နဲ့
ညီမလေးအသံကိုမျှော်နေတတ်တဲ့ စွဲလမ်းရူးသွပ်မှုတစ်ခုနဲ့
အဲဒီလို ကိုယ့်ကောင်းကင်ကိုဖွင့်ထားခဲ့ရတာပါ။

ညီမလေးမျက်ဝန်းက
အနီရောင်တွေ တဖြည်းဖြည်းပွင့်လာမလား
သစ္စာပန်းလိုပဲ
အနီရောင်တွေ ပွင့်လာကြမလား
အိပ်မက်တွေကို မတန်တဆလိုက်ဝယ်မိတယ်။

မျှော်လင့်ရတာပူလောင်တယ်ဆိုရင်
မျှော်လင့်သလိုဖြစ်မလာတာက
ပိုပြီးလောင်ကျွမ်းကြပါလိမ့်မယ်။

တကယ်တော့ ညီမလေးရယ်
အခု ဆောင်းတွင်းထက်စာရင်
ကိုယ်က မင့်အပေါ် နှင်းတွေပိုကျပြနိုင်ပါတယ်။
တစ်ဘဝလုံးစာ.. တဖွဲဖွဲ နှင်းတွေ။

 

သူရဿဝါ
၁၂ - ဒီဇင်ဘာ - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment