ကြယ်တွေလား
တဖျတ်ဖျတ်လင်းလာတာ
ဒီလိုဆိုတော့လည်း ညကအဖော်မဲ့မနေခဲ့ပြန်ဘူး။
တွေးသမျှစိတ်ကူးကိုမြင်ရဖို့ဆိုတာ
ခက်သလိုလိုနဲ့လွယ်ရဲ့။
အဲဒီလိုပါပဲ ညီမလေးရီတာ
ကိုယ့်မနက်ဖြန်တွေထဲ မင်းက
တစတစ တိုး ဝင် နင်း ဖြတ်
သပ်သပ်ရပ်ရပ်လေး ကိုယ်ကြည်နူးမိတယ်
ကြယ်တွေ တဖျတ်ဖျတ်လင်းလာပါသလား။
မလွမ်းတတ်တဲ့ကောင်
ဒီနာမည်က အရင်ကလို
ကိုယ့်အပေါ် အုပ်မိုးထားလို့မရတော့ဘူး။
အခုလွမ်းနေရတာက
ကိုယ့်ရင်ဘတ်ကိုပြန်လည်ချင်းနင်း
အဲဒီ တဖျတ်ဖျတ်လင်းနေတဲ့ ကြယ်တွေလို။
ကြယ်တွေလား
ကြယ်တွေလား တဖျတ်ဖျတ်လင်းလာကြတာ
ကြယ်တွေ.. ကြယ်တွေ..
တဖျတ်ဖျတ်တမှုန်မှုန် လင်းလာကြတာပါလား။
ခဏလေး ငြိမ်သက်လိုက်တယ်။
ဟုတ်ပါရဲ့ ညီမလေးရီတာရယ်
ကိုယ့်ရင်ထဲက ကြယ်တွေလေ တဖျတ်ဖျတ်လင်းလာကြတာ။
သူရဿဝါ
၁၂ - ဒီဇင်ဘာ - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment