Friday, December 12, 2008

မိုးစုန်းစုန်းချုပ် ဒဏ်ရာညနေများ


ရှုံးနိမ့်ရသူရဲ့လက်မှာတော့
ပူဆွေးမှုတွေသာ ထပ်ဖန်တလဲလဲပွင့်ကြပါတယ်

ဒီလိုပါပဲ
လှိုက်စားဆို့နင့်အသံများ
ဝေးကွာခြင်းသီချင်းများ
လေလွင့်လမ်းမများနဲ့ နင်ဟာ

ငါ့လက်ထဲကလွတ်ကျသွားတဲ့
စာလုံးပေါင်းကလေးတစ်ခုဖြစ်တယ်။

မိုးကိုမျှော်ကြည့်လည်း အလွမ်း
တကိုယ်ရည်ဝတ်စားဆင်ယင်မှုကလည်း အလွမ်း
ဒီကမ္ဘာရဲ့ အမှုန်အမွှားတစ်ကောင်ရင်မှာ
ကမ္ဘာနဲ့မဆန့်တဲ့ အလွမ်းတွေ မီးလိုထတောက်တယ်။

ညနေတစ်ခုရဲ့ ဖြစ်ရိုးဖြစ်လိုပဲ
အလင်းဟာ တဖြည်းဖြည်းတိုက်စားခံရ
ငါကဆွေးဆွေးမြေ့မြေ့နှုတ်ဆက်ရ
အဲဒီလိုနဲ့ ပျောက်ရှသွားရပြန်ရဲ့။

ငါလည်းဘာမှမထူးပါဘူး
အလွမ်းတွေရှင်နေသရွေ့ ငါသေဆုံးရမယ်
အခု ညနေရဲ့မျက်နှာမှာ
မိုးစုန်းစုန်းချုပ်ဒဏ်ရာအနာရွတ်တွေ။

 

သူရဿဝါ
၁၂ - ဒီဇင်ဘာ - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment