မျက်လုံးကိုမှိတ်မပစ်ခဲ့ဘူး
မီးတွေ ဟုန်းဟုန်းကျွမ်းမြေ့စေဦးတော့
အဲဒီညနေခင်းထဲမှာပဲ
ငါနေမယ်
အဝေးသို့ မျှော်ရင်းကပင် နီးစပ်မှုများ အကြောင်း တွေးနေ မိပါသည်။ ဘယ်လို စိတ္တဇမျိုးလဲ တော့မသိ၊ ညီမလေးကသာ ကိုယ့် အိပ်ယာဝင် ပုံပြင်လေး တစ်ပုဒ် ဖြစ်သည်။ ဇင်ဇင်၊ နောက်ဆုံး အင်္ဂါနေ့၊ မိသံစဉ်၊ ဗာဂို၊ ထိုကဗျာများ အကြောင်း ညီမလေးကို ပြောပြရင်း ကိုယ် သွေ့သွေ့ အက်အက် ရယ်မိ၏။ ညီမလေးက ဆောင်းခိုငှက်များ ပျံသန်း မလာသေးသည့် နှင်းပွင့် မြို့တော် ဖြစ်သော်လည်း ကိုယ်ကမူ ဒဏ်ရာဒဏ်ချက် တချို့ရှိသည့် ပြိုပြိုလဲလဲ ဂစ်တာ တစ်လက် ဖြစ်နေသည်။ အိုး.. မတူညီ လှပါကွယ်။ ကောင်းကင်တစ်ခင်း ထဲတွင်တောင် နေနှင့်လမှာ အရောင် အဝါချင်း မမျှခဲ့ကြ။ ဆုံမှတ် နှစ်ခုအကြောင်း တွေးတိုင်း မောမိပါသည်။ မောပန်း၍ပင် သက်ပြင်းချ ဖြစ်ပါသည်။ ထိုသို့ သီသီဖွဲဖွဲ သက်ပြင်းချ နေရင်းကပင် ညီမလေးအား ချစ်မိနေပြန်၏။ ညီမလေး၏ ညနေခင်းတွေ ထဲမှာသာ ကိုယ်နေချင် လှပါသည်။
မိုးမြင့်ကိုလှမ်းမယ့်
ပွင့်ချပ်ခြေဖဝါး အစုံအောက်မှာ
တကယ့်ကို ရိုရိုကျိုးကျိုး
မသိမသာလေးပဲ လှေကားထစ်ဖြစ်ပေးချင်တယ်
“ညီမလေး.. ကိုယ့်ရဲ့ ညီမလေး.. လွမ်းလွမ်းဆွေးဆွေး သီချင်းတွေထဲက ညီမလေး.. ခဏခဏ အိပ်မက် တွေထဲက ညီမလေး..”
ထိုသို့ပင် ညီမလေးကို တမ်းတနေ မိပြန်ပါသည်။ တမနက်ခင်းစာ လောက်ပဲဖြစ်ဖြစ်.. ကျောပိုးအိတ်လေး ဖြစ်ပေးပါ။ ညီမလေးကို ယုယုယယ သယ်ပိုးထား ချင်ပါသည်။ ထုံးစံမဟုတ် သော်လည်း ကိုယ့် ကျောပြင်တွင် ပန်းများ ပွင့်ကြ ပါလိမ့်မည်။ ညီမလေး မြင်, မမြင်တော့ မပြောတတ်။ ကိုယ့်အပြုံးများ အားလုံး ရင်ဘတ် တစ်ခြမ်း သုံးထားခဲ့ခြင်း ဖြစ်ပါသည်။ ခုတ်လှဲ ခံရသည့် တိုင်အောင် သဘောထား ကြီးကြီး ထားခဲ့သော သစ်ပင်သည် ကိုယ်ဖြစ်၏။ ညီမလေး နင်းဖြတ်မည် ဆိုပါက လှေကားထစ်ပင် ဖြစ်ပေးလိုက် ချင်ပါသည်။
ခါတိုင်းလိုပါပဲ
ညက နက် နက် ရှ ရှ
ညီမလေး ကိုယ့်ကို သတိရနေ မလားတော့ ကိုယ်မသိပါ။ ကိုယ်ကတော့ ညီမလေးကို ရေတံခွန်၏ စီးဆင်းမှုလိုပင် သတိရ နေခဲ့ပါသည်။ တကယ်တော့ ညီမလေးသည် ကိုယ် ဗိုင်းငင်ရန် မဝံ့ရဲ သေးသော လရောင် ဖြစ်၏။ ယခုအချိန် အထိတော့ ကိုယ်က သန်လျင်၊ ညီမလေးက ပဲခူး ဖြစ်နေ ပါသေးသည်။ ကိုယ်တို့ မနီးစပ် နိုင်သေးပါ။ ဝေးနေခဲ့.. ဝေးနေရ.. ဝေး.. နေကြဦး မည်သာ ဖြစ်၏။ ခါတိုင်းလိုပင် ညကတော့ နက်နက်ရှရှ မှောင်မိုက်နေ ခဲ့ပါသည်။
(ယခု စာစု၏ခေါင်းစဉ်အား သူငယ်ချင်း ကဗျာဆရာ ဇာတိမှ ကျေးဇူးပြုပါသည်)
၂၉ - နိုဝင်ဘာ - ၂၀၀၈
Image source; Images.google.com
အပာ မိုက္လိုက္တာ။ အရေးအသားလေးတွေ က တော်တော်ကောင်းတယ်.။
ReplyDelete