Thursday, November 27, 2008

ကိုယ်သီဖွဲ့တဲ့ ခေတ်အဆက်ဆက်က ဘုရင်မအကြောင်း


(၀ - ၁ - ဝ)
ပန်းများ အသစ်တဖန်ပွင့်ဦးမည်ဆိုပါက
“သူမ” ရှိရာ အရပ်သို့သာ
မျက်နှာမူကြစေကုန်သတည်း။

(၀ - ၁ - ၁)
“ကိုယ့်ဆီ” ဖွင့်ထားတဲ့ တံခါးရွက်တို့မရှိ၊
ပိတ်ထားတဲ့ တံခါးရွက်တို့မရှိ
အဲဒီရှေ့မှာမှ နင်ဘာလို့ လာရပ်ခဲ့သလဲကွယ်။
အခုဆို ကောင်းကင်ကိုမမြင်တော့ မြေပြင်ကိုမမြင်တော့
မိတ်ဆွေ၊ ရွှေမြို့တော်၊ ခေါ်သံ၊ ပြန်ချိန်၊ တိမ်လွှာ
မမြင်တော့ မကြားတော့
နင်ကလွဲလို့ မမြင်တတ်တော့ဘူး။

(၀ - ၁ - ၂)
ဘယ်လို ဒေသစံတော်ချိန်နဲ့မဆို နင့်ကိုသတိရ
ထိထိရှရှလွမ်းတယ်
ကောင်မလေးရေ..
သနားသောအားဖြင့်
နင့်ကိုယ်နင် ကိုယ့်အနားထပ်လာဖို့ သတိပေးပါ။

(၀ - ၂ - ဝ)
ကျိန်စာဒုက္ခ ရောက်ရမည်ဆိုလျှင်ပင်
ခြေလှမ်းတို့အား သူမ၏ ဆန့်ကျင်ဖက်သို့ ဦးတည်မည်မဟုတ်ချေ။

(၀ - ၂ - ၁)
ယုံကြည်မှုကိုပဲကိုးကွယ်ပြီး ဆောင်ဓားကို လွယ်မိပါတယ်။
ခရီးလမ်းက ကြမ်းရှရင့်အိုနေပါစေ
လမ်းပြကြယ်တို့ လင်းနေရုံနဲ့တင် ကိုယ့်အတွက်လုံလောက်ပါရဲ့
ပြုံးနေပါသလား
နင် တကယ်ပဲ ပြုံးထားပါရဲ့လား။

(၀ - ၂ - ၂)
“နင့်အကြောင်း” စာစီစာကုံးတွေ
စာလုံးပေါင်းမမှားအောင် ရေးကြည့်ချင်တယ်
တွေးမိသမျှ စိတ်ကူးတို့အတွက် အခါခါကြည်မွေ့မိ
ဘယ်နေ့ရယ်လို့တော့ အတိအကျမသိပါဘူး။
ဒါပေမဲ့ မရောက် ရောက်အောင် လာခဲ့မယ်
ကိုယ့်ကို ခေါင်းစဉ်တခုခု တပ်ပေးပါ။

(၀ - ၃ - ဝ)
ခရီးဦးဆုမွန်တို့ မရှိဆိုစေ
ဝင်ခွင့်စကား ကြားရသည်၌ ပျော်ပိုက်ရာ၏

(၀ - ၃ - ၁)
အငြင်းဝါကျတို့ ဆွံ့ကန်းသွားပါ
နင်က မီးတစဖြစ်ရင် ကိုယ်က မီးအိမ်တစ်လုံး ဖြစ်ရမယ်
နင်က နွေရာသီဖြစ်ရင် ကိုယ်က ဥဩတစ်ကောင်ဖြစ်ရမယ်
အငြင်းစကား မကြားရတဲ့ကမ္ဘာ ဖြစ်စေတော့။

(၀ - ၃ - ၂)
ကိုယ်တို့ လက်တကမ်းစာပဲဖြစ်ဖြစ် ချစ်ကြ
ဖြည်းဖြည်းချင်း တမ်းတမ်းမှန်းမှန်း လွမ်းကြရမယ်
တကယ်တော့ ကောင်မလေးရယ်
ရပ်တန့်နေတာထက်စာရင် ရွေ့လျားရခြင်းက ပိုကောင်းပါလိမ့်မယ်။

(၀ - ၄ - ဝ)
လှိုင်းဒဏ်လေဒဏ် နူးညံ့ငြိမ်သက်သည်ရှိသော်
သက်တန့်ရောင်စဉ်တို့ တဝုန်းဖြိုးဖြိုး သက်ဝင်လှုပ်ရှားကြအံ့။

 

သူရဿဝါ
၂၇ - နိုဝင်ဘာ - ၂၀၀၈
Image source; Images.google.com

3 comments:

  1. ခရီးလမ်းက ကြမ်းရှရင့်အိုနေပါစေ…..
    ပြုံးနေပါသလား…
    နင် တကယ်ပဲ ပြုံးထားပါရဲ့လားကွယ်<<< ကြိုက်လို့ နာယူတွားပြီ..ဒါဘဲ....

    ReplyDelete
  2. ဒီလိုရေးတတ်အောင် ဘယ်ဆရာမကသင်ပေးလိုက်တာလဲဟင်။ ကိုယ်လဲရေးတတ်ချင်လို့ပါ။

    ReplyDelete
  3. ကဗျာကြိုက်တယ်ဗျာ***လုံးဝကောင်းတယ်***
    အားပေးတယ်ဗျာ***

    ReplyDelete