Thursday, November 27, 2008

မျက်နှာချင်းဆိုင် ဝေးသွားတဲ့ ကမ္ဘာ


“အကြောင်းပြချက် မရှိပါ” ဟူသော အကြောင်းပြချက် ကြောင့်ပင် ကိုယ့်ကိုယ်ကို မုန်းတီးပစ် လိုက်ချင်သည်။ အိပ်မက်ပေါင်း များစွာ မက်ခဲ့ဖူး သူအဖို့ ယခု အိပ်မက်ကို ရိုးအီ မပစ်လိုက် နိုင်သည်မှာ အံ့ဩဖွယ် ကောင်းသည်။ “မသိခြင်း” အသိကိုပင် ကိုယ် မက်မက်မင်မင် ဖက်တွယ် ထားမိ။ ခဏလေး အတွင်းမှာပင် ကြာမြင့်မှုပေါင်း များစွာကို စိုက်ပျိုးလိုက်၏။

ကြည့်နေ သော်လည်း မမြင်ရသူကို “မျက်မမြင်” ဟု ရဲရဲရင့်ရင့် အမည်တပ်မည် ဖြစ်သော်လည်း မြင်နေလျက်နှင့် မကြည့်နိုင် သူအား မည်သို့ ခေါ်တွင် ရသည်ကိုမူ ကိုယ် မပြောဝံ့ပါ။ ပြောမိ လျှင်လည်း ကိုယ်သည် မိမိဘာသာ မိမိ အာခေါင် ခွဲပစ်သော တေးဆိုငှက် တစ်ကောင် ဖြစ်ရ ပါလိမ့်မည်။

နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ မကသော အရှိန်အဟုန် မျိုးဖြင့် ကမ္ဘာလို လည်ပတ် နေမိသည်။ ကြည်ကြည်နူးနူးဟု ဆိုစေကာမူ ကြေကြေကွဲကွဲကို ရွက်ပိုးထား ရသောကြောင့် လေးလံသည်။ အစကို မသိသော်လည်း အဆုံးကို သိနှင့် ရခြင်းကြောင့် သက်ပြင်းချသံ အနည်းငယ် ထွက်ပေါ် လာသည်။

နရီစည်းချက် မကိုက်သော်လည်း သီချင်းသံ ကတော့ ပျံ့လွင့်နေဆဲ၊ ကိုယ့်မှာ ပြေးရင်း လွှားရင်း ကပင် ရပ်တန့် နေရပါသည်။ ကိုယ်.. သူရဲကောင်း မဖြစ်နိုင်တော့ပါ။

တော်လဲ မြည်ဟီးသံ များကြားမှာ မားမား တန့်ရပ်နေခဲ့ သောကြောင့်ပင် ကိုယ် သူရဲကောင်း မဖြစ်နိုင် တော့ပါ။ ယခုလောက် ဆိုလျှင် အလင်း စီးပျံ့မှုကို မလိုလားစွာပင် ညသည် တိတ်ဆိတ် ငြိမ်သက် နေလောက်ပြီ ဖြစ်သည်။ ကိုယ် မဆိုဖြစ်ခဲ့သော သီချင်းသည် သူ့ကိုယ်သူ ခပ်တိုးတိုးဖွဖွ ညည်းရင်း ကပင် ကိုယ်နှင့် ဝေး၍ ဝေး၍ သွားလေသည်။

 

သူရဿဝါ
၂၇ - နိုဝင်ဘာ - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment